Politics, Law & Military
မွန်ပြည်နယ်ရှိ အုပ်ချုပ်ရေးမှူးတစ်ဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ
ရန်ကုန်၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)
မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ရက္ကန်းသည်မကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူလိုက်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ယနေ့ ထုတ်ပြန်သော သတင်းအရ သိရသည်။
အဆိုပါ အုပ်ချုပ်ရေးမှူးသည် ကျေးရွာပိုင် ကွင်းအမှတ်(၁၉)(ခ)ကွင်း သောင်နုမြေများကို လယ်သမား(၇)ဦးအား စုစုပေါင်း ငွေကျပ် ၄,၄၀၀,၀၀ဝိ/- ဖြင့် ရောင်းချခဲ့ခြင်းနှင့်၂၀၁၈ ခုနှစ် မိုးရာသီတွင် ပျက်စီးဆုံးရှုံးခဲ့သော လယ်မြေ ၁၇၂၆ ဧကအတွက် နိုင်ငံတော်မှ တစ်ဧကလျှင် ငွေကျပ် ၈၅၀ဝိ/-နှုန်းဖြင့် ထောက်ပံ့ ကူညီငွေများမှ တစ်ဧကလျှင် ၁၀၀ဝိ/- နှုန်းဖြင့် လယ်သမား (၁၃)ဦးထံမှ စုစုပေါင်း ငွေကျပ် ၁၄၅,၀၀ဝိ/- တောင်းခံခဲ့ခြင်းတို့အား စစ်ဆေးအရေးယူပေးပါရန် တိုင်ကြားခဲ့ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စစ်ဆေးရာ ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် အမှုဖွင့် အရေးယူခဲ့ကြောင်း သိရသည်။
သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ရက္ကန်းသည်မကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသန့်ဇင် အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ တောင်စွန်း ရဲစခန်းတွင် ၁၀-၇-၂၀၁၉ ရက်နေ့၌ ပထမသတင်းပေး တိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)