Videos
COVID-19 ကူးစက်ပျံ့နှံ့နေစဉ် မဖြစ်မနေ ခရီးသွားလာရမည့်သူများအတွက် အကြံပြုချက်များ
ပေကျင်း၊ ဧပြီ ၁၂ ရက်(ဆင်ဟွာ)
COVID-19 သည် လက်ရှိတွင် တစ်ကမ္ဘာလုံး ကူးစက်ပျံ့နှံ့လျှက်ရှိသည်။ ပြည်သူများအနေဖြင့် တစ်ဦးမှတစ်ဦးထံသို့ ရောဂါ ကူးစက်ခံရမှုမရှိစေရန် တတ်နိုင်သမျှ မိမိတို့၏ နေအိမ်၌ပင်နေထိုင်ကြရန် WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ညွှန်ကြားထားသည်။ သို့ရာတွင် မလွှဲမရှောင်သာ ခရီးသွားလာရန် လိုအပ်သူများအတွက် တတ်နိုင်သမျှ ဘေးကင်းစိတ်ချမှုရှိသည့် သွားလာခြင်းမျိုးဖြစ်စေရန် ကျန်းမာရေး ပညာရှင်များ၏ ကြံပြု ညွှန်ကြားချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
မေး (၁) လေယာဉ်ဖြင့်ခရီးသွားမည်ဆိုပါက မည်ကဲ့သို့ပြင်ဆင်သင့်သနည်း။
ဖြေ ဗိုင်းရပ်စ်ကူးစက်မှု ဖြစ်ပွားနိုင်သည့် အချိန်ကိုလျှော့ချသည့်အနေဖြင့် လေဆိပ်သို့ ခပ်စောစော သွားခြင်းကိုရှောင်ကြဉ်ပါ။ခရီးစဉ် တစ်လျှောက်လုံး နှာခေါင်းစည်း ဝတ်ဆင်ထားပါ။မလိုအပ်သည့် စကားပြောဆိုမှုများကိုရှောင်ကြဉ်ရန် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ နေထိုင်ပါ။
မေး (၂) အပူချိန်တိုင်းကိရိယာများကို လေယာဉ် ဖြင့် သယ်ဆောင်သွားနိုင်ပါသလား။
ဖြေ မာကျူရီပါဝင်သည့် သာမိုမီတာများကို လေကြောင်းလိုင်းများက သယ်ဆောင်ခွင့်မပြုသော်လည်း ဒစ်ဂျစ်တယ် သာမိုမီတာများကိုမူ လေဆိပ်တွင် အစစ်ဆေးခံပြီးသယ်ဆောင်သွားနိုင်ကြောင်းသိရသည်။
မေး (၃) အငှါးယာဉ်ဖြင့် ခရီးသွားလာလျှင် ဗိုင်းရပ်စ်ကူးစက်မခံရအောင်မည်သို့ဆောင်ရွက်ရမည်နည်း။
ဖြေ အငှါးယာဉ် မောင်းနှင်သူရော စီးနင်းသူပါ နှာခေါင်းစည်းကို တပ်ဆင်ထားသင့်ပါသည်။ကားပေါ်မတက်ခင် ကားအတွင်းခန်းထဲ လေအဝင်အထွက်ရှိစေရန်ကားတံခါးကို ခေတ္တဖွင့်ထားပါ။ကားစီးနင်းစဉ်၌ ပြင်ပမှ လတ်ဆတ်သည့် လေများ ဝင်ရောက်စေရန် ကားပြတင်းပေါက်များကိုဖွင့်၍ စီးနင်းပါ။
မေး (၄) မြေအောက်ရထားများ စီးနင်းခြင်းက အငှါးယာဉ် စီးနင်းခြင်းထက် ဗိုင်းရပ်စ်ကူးစက်မှုအန္တရာယ် ပိုမိုမြင့်မားပါသလား။
ဖြေ လူများများရှိသည့်နေရာတွင် ဗိုင်းရပ်စ်ကူးစက်မှုအန္တရာယ်ပိုများပါသည်။ ထို့ကြောင့် နှာခေါင်းစည်းကို အမြဲမပြတ်တပ်ဆင်ကာ အိမ်သို့ရောက်လျှင်ရောက်ချင်း လက်ကို ဆပ်ပြာဖြင့် စင်ကြယ်အောင်ဆေးကြောသင့်ပါသည်။
မေး (၅) ကိုယ်ပိုင်ကားမောင်းနှင်သူများအနေဖြင့် ဆောင်ရွက်ရမည့်အချက်များမှာ မည်သို့နည်း။
ဖြေ မော်တော်ကားအတွင်းလေဝင်လေထွက်ကောင်းရှိစေရန် အဓိကအရေးကြီးသည်။ နှာခေါင်းစည်းများ၊ လက်သန့်ဆေးရည်များနှင့် ပိုးသန့်စင်ပေးနိုင်သည့် တစ်ရှူး အစရှိသည်တို့လည်း ကားအတွင်းထားရှိသင့်ပါသည်။ နေမကောင်းဖြစ်နေသည့်လက္ခဏာရှိသူ တစ်ဦး မိမိကားအား စီးနင်းခဲ့သည်ရှိသော် ကားတံခါးလက်ကိုင်များ၊ ကားထိုင်ခုံများနှင့် ကားစတီယာရင်များကို မပျက်မကွက် ပိုးသန့်စင် သန့်ရှင်းရေးလုပ်ပါ။
မေး (၆) အဝေးပြးကားများနှင့်ဘတ်စ်ကားများစီးနင်းရာတွင်လိုက်နာရမည့် အချက်များမှာမည်သို့နည်း။
ဖြေ အခြားသူများနှင့်တတ်နိုင်သလောက် ခပ်ခွာခွာထိုင်ပါ။ခရီးဝေးပါက ယာဉ်မောင်းအား နှစ်နာရီတစ်ကြိမ်ခန့် မော်တော်ယာဉ်ရပ်တန့်ပေးရန် မေတ္တာ ရပ်ခံပြီးကား ပေါ်မှဆင်းကာ လေကောင်းလေသန့်ရှူပါ။
ကျန်းမာရေးကိုဂရုစိုက်ကြပါ။
ဘေးကင်းလုံခြုံကြပါစေ။