Videos
ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဘေး ရာထူးမှနှုတ်ထွက်မည်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင်ပြောကြား
တိုကျို၊ဩဂုတ် ၂၈ ရက်(ဆင်ဟွာ)
ဂျပန်နိုင်ငံဝန်ကြီးချုပ်ရှင်ဇိုအာဘေးသည် ကျန်းမာရေးကိစ္စကြောင့် ရာထူးမှနှုတ်ထွက်မည်ဖြစ်ကြောင်း ယနေ့ ဩဂုတ် ၂၈ ရက်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။
“ကျွန်ုပ်၏ ရာထူး သက်တမ်းမှာ လာမည့် တစ်နှစ် အထိ ဆက်လက်ထမ်းဆောင်ရန် နှင့် ထောက်ခံမှုများ ရှိစေလင့်ကစား လက်ရှိအချိန်မှာ ဖြေရှင်းလို့မပြီးသေးတဲ့အခြားစိန်ခေါ်မှုများစွာရှိနေပါတယ်။ ပြီးတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုတွေလည်း ဖြစ်ပွားနေတဲ့အခုအချိန်မှာ ကျွန်တော့်အနေနဲ့ ဝန်ကြီးချုပ်ရာထူးကနေ နှုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်” ဟု ရှင်ဇိုအာဘေးကဆိုသည်။
အသက် ၆၅ နှစ်ရှိပြီဖြစ်သည့် ဝန်ကြီးချုပ်အာဘေးမှာ ၎င်း၏ ကျန်းမာရေးအခြေအနေမှာ ဆိုးဝါးလျက် ရှိကြောင်းနှင့် ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ ပင်ပန်းနွမ်းနယ်မှု ခံစားခဲ့ရကြောင်းဆိုသည်။
၎င်းအနေဖြင့် ဂျပန်နိုင်ငံပြည်သူများ၏ အရေးကိစ္စများကို ဆက်လက်ထမ်းဆောင်ရန် မိမိ၏ စွမ်းဆောင်ရည်အပေါ် ယုံကြည်ချက် ပျောက်ဆုံးခဲ့ကြောင်းဖွင့်ဟခဲ့သည်။
အာဘေးက ၎င်းသည် အူလမ်းကြောင်းဆိုင်ရာရောဂါဆိုးဝါးလာသဖြင့် ကုသမှုခံယူရန် လိုအပ်နေသည်ဟု ဆိုသည်။
ဝန်ကြီးချုပ် ပထမသက်တမ်းအတွင်း နာတာရှည် အူမကြီးရောင်ရမ်းနာကြောင့် ၂၀၀၇ ခုနှစ် စက်တင်ဘာလက ရာထူးမှ ရုတ်တရက်နုတ်ထွက်ခဲ့ကြောင်း သိရသည်
အာဘေးက လက်ရှိအာဏာရပါတီဖြစ်သော လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) ၌ ၎င်း၏နေရာတွင် ဆက်ခံမည့်သူ ရွေးချယ်ပြီးသည့်တိုင်အောင် ရာထူးတွင် ဆက်လက်ရှိသွားမည် ဖြစ်ကြောင်း ပြောခဲ့သည်။ (Xinhua)