Connect with us

WORLD

ဘရာဇီးနိုင်ငံရှိ အကျဉ်းထောင်များနှင့် ထိန်းသိမ်းရေးစခန်းများတွင် COVID-19 ပျံ့နှံ့လျက်ရှိ

ဘရာဇီးနိုင်ငံ၊ ဆော်ပေါ်လိုပြည်နယ်၊ Jardinopolis အကျဉ်းထောင်တွင် အကျဉ်းသားများ တန်းစီလမ်းလျှောက်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- Xinhua/Webinar Sian/AGENCIA ESTADO)

ဘရာဇီးလီးယား၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံရှိ အကျဉ်းထောင် နှင့် လေလွင့်လူငယ် ထိန်းသိမ်းရေးစခန်းများမှတစ်ဆင့် COVID-19 ရောဂါ လျင်မြန်စွာပျံ့နှံ့လျက်ရှိပြီး အကျဉ်းသား ၃၃,၀၀၀ နီးပါး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသည်ကို စမ်းသပ်တွေ့ရှိခဲ့ကြောင်း နိုင်ငံတော်တရားစီရင်ရေးကောင်စီ၏ စက်တင်ဘာ ၂ ရက်၌ ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။ 

အကျဉ်းထောင်စနစ်တွင် မှတ်တမ်းတင်ထားချက်များအရ COVID-19 ဖြစ်ပွားသူ ၂၉,၄၀၃ ဦးနှင့် သေဆုံးသူ ၁၈၃ ဦးရှိကြောင်း၊ လွန်ခဲ့သည့်တစ်လအကြာကထက် ၅၀.၆ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်ကြောင်း၊ လေလွင့်လူငယ်များ ထိန်းသိမ်းရေးစခန်းများတွင်မူ ရောဂါဖြစ်ပွားသူ ၃,၅၉၃ ဦးရှိပြီး ၃၃.၉ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း သိရသည်။ 

အကျဉ်းကျခံရသူများအကြား COVID-19 ပထမဆုံးဖြစ်ပွားခြင်းမှာ ဧပြီလက ရီယိုဒီဂျနေးရိုးမြို့ရှိ အကျဉ်းထောင်၌ အတည်ပြုလူနာ စတင်တွေ့ရှိခဲခြင်းဖြစ်သည်။ 

တရားဝင်အချက်အလက်များအရ ဘရာဇီးနိုင်ငံသည် ကမ္ဘာပေါ်တွင် အကျဉ်းထောင်အတွင်း လူဦးရေးထူထပ်မှု တတိယအများဆုံး ဖြစ်ပြီး အကျဉ်းသား ၇၇၃,၀၀၀ ဦးရှိကြောင်း သိရသည်။ 

အကျဉ်းထောင်များတွင် ရောဂါဖြစ်ပွားမှု မြင့်တက်ရခြင်းမှာ လူဦးရေထူထပ်များပြားသည့် အခြေအနေများကြောင့် လူချင်းခပ်ခွာခွာနေရမည့် ဆောင်ရွက်ချက်များကို အကောင်အထည်ဖော်ရန် အတားအဆီးဖြစ်စေကြောင်း ကျွမ်းကျင်သူများက ဆိုသည်။ 

ဘရာဇီးနိုင်ငံတစ်ဝန်း COVID-19 ဖြစ်ပွားသူ ၃,၉၉၇,၈၆၅ ဦးရှိပြီး သေဆုံးသူအရေအတွက်မှာ ၁၂၃,၇၈၀ ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာ ၂ ရက်တွင် သတင်းဖော်ပြခဲ့သည်။  (Xinhua)