Connect with us

WORLD

ဂျပန်နိုင်ငံ အစိုးရက ဒေသခံများအားလုံးကို COVID-19 ကာကွယ်ဆေးများ အခမဲ့ပေးမည်ဟုဆို

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ လမ်းပေါ်တွင် နှာခေါင်းစည်းတပ်ဆင်ကာ သွားလာနေသူများအား တွေ့ရစဉ် (ဆင်ဟွာ)

တိုကျို၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံအစိုးရအနေဖြင့် ဒေသခံများအားလုံးကို COVID-19 ကာကွယ်ဆေး အခမဲ့ ထိုးနှံပေးခြင်းဖြင့် အနာဂတ်တွင် လူသေဆုံးမှုအရေအတွက်နှင့် ရောဂါလက္ခဏာပြင်းထန်သူများနှင့် ဆေးရုံတက်ရန် လိုအပ်မှုများကို လျှော့ချသွားနိုင်မည်ဖြစ်ကြောင်း ယင်းကိစ္စနှင့်စပ်လျဉ်းသည့် သတင်းရင်းမြစ်များက စက်တင်ဘာ ၂ ရက်တွင် ပြောကြားခဲ့သည်။ 

၎င်းသတင်းရင်းမြစ်များ၏ အဆိုအရ COVID-19 ၏ သဘာဝမှာ အလွယ်တကူ ကူးစက်မှုမြင့်မားပြီး လူနာများကို ရောဂါလက္ခဏာ ဆိုးဆိုးဝါးဝါး ခံစားရစေသဖြင့် အစိုးရက ပြည်သူအားလုံးအတွက် ဖြစ်နိုင်သမျှမြန်မြန် ကာကွယ်ဆေးထိုးနှံပေးရန် ဆန္ဒရှိကြောင်း ဆိုသည်။

လွန်ခဲ့သည့်သီတင်းပတ်က ပြုလုပ်ခဲ့သည့် အစည်းအဝေး၌ ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက အစိုးရအနေဖြင့် COVID-19 တိုက်ဖျက်ရေးဆောင်ရွက်ချက်အသစ်များနှင့် လုပ်ထုံးလုပ်နည်းများ၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် ၂၀၂၁ ခုနှစ် ပထမနှစ်ဝက်တွင် နိုင်ငံသားအားလုံးအတွက် COVID-19 ကာကွယ်ဆေးများ လုံလုံလောက်လောက် ရရှိစေရန် ရည်ရွယ်ထားကြောင်း ကြေညာခဲ့သည်။ 

အဆိုပါ ကာကွယ်ဆေးများကို လက်ရှိ ဘဏ္ဍာရေးနှစ်၏ ၂၀၂၁ ခုနှစ် မတ်လအထိ ဘတ်ဂျက်မှ အရန်ပုံငွေများဖြင့် ဝယ်ယူသွားမည်ဟု အစိုးရက ပြောခဲ့သည်။ 

ယခုနှစ်အစောပိုင်းတွင် ဂျပန်နိုင်ငံ အစိုးရက Oxford တက္ကသိုလ်နှင့် ဖော်ထုတ်လျက်ရှိသည့် အလားအလာရှိသော ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး သန်း ၁၂၀ လက်ခံရရှိရန် ဗြိတိန်နိုင်ငံ ဆေးဝါးထုတ်လုပ်သူ AstraZeneca Plc. နှင့် သဘောတူထားကြောင်း ပြောကြားခဲ့သည်။ 

အလားတူပင် ဂျပန်နိုင်ငံသည် Pfizer Inc. နှင့် ၎င်း၏ ဂျာမန်မိတ်ဖက် BioNTech SE တို့ထံမှ ၎င်းတို့၏ ကာကွယ်ဆေးဖော်ထုတ်မှု အောင်မြင်ကြောင်း ထောက်ပံ့ထားသည့် ကာကွယ်ဆေး သန်း၁၂၀ ရရှိရန်လည်း သဘောတူထားကြောင်း သိရသည်။ 

ဗိုင်းရပ်စ်တိုက်ဖျက်ရေး ဆောင်ရွက်ချက်အသစ်များဆိုင်ရာ အစည်းအဝေး၌ ဆောင်းရာသီကာလအတွင်း ဖြစ်ပေါ်လာနိုင်သည့် ဗိုင်းရပ်စ် ဒုတိယလှိုင်းနှင့်အတူ တုပ်ကွေးကူးစက်ရောဂါဖြစ်ပွားလာမှုကို ကိုင်တွယ်ရန် လှုပ်ရှားမှုတစ်ခုအဖြစ် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပြီး COVID-19 စစ်ဆေးမှုစွမ်းဆောင်ရည်ကိုလည်း သိသိသာသာ တိုးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။ 

ကျန်းမာရေးစောင့်ရှောက်မှု ထောက်ပံ့ပေးသူများနှင့် သက်ကြီးရွယ်အိုစောင့်ရှောက်မှုလုပ်ငန်းများတွင် လုပ်ကိုင်နေသူများမှာ ရောဂါကူးစက်နိုင်ခြေမြင့်မားသဖြင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွင် လုပ်ကိုင်နေသူများသည်လည်း အစိုးရ၏ ရောဂါစစ်ဆေးမှု လုပ်ထုံးလုပ်နည်း တိုးချဲ့မှု၏ ဦးတည်ချက်များအနက် တစ်ခုဖြစ်သည်။ 

ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုဝန်ထမ်းများနှင့်အတူ ရောဂါလက္ခဏာငုပ်လျှိုးနေသည့် သက်ကြီးရွယ်အိုများမှာလည်း COVID-19 ကာကွယ်ဆေးထိုးနှံမှု ရရှိရန် ဦးစားပေးအဆင့်တွင် ပါဝင်မည် ဖြစ်ကြောင်း နီးစပ်ရာ သတင်းရင်းမြစ်များက ဆိုသည်။ 

တစ်ချိန်တည်းမှာပင် ဖော်ပြသူများအနေဖြင့် ရောဂါလက္ခဏာ မပြခြင်း သို့မဟုတ် ရောဂါလက္ခဏာ အနည်းငယ်သာပြသော်လည်း ဗိုင်းရပ်စ် စစ်ဆေးရာတွင် ပိုးတွေ့ရှိသူများအနေဖြင့် အစိုးရ၏ လမ်းညွှန်ချက်များအရ နေအိမ်၌ပင် တစ်ကိုယ်တည်းသီးသန့်နေထိုင်ခြင်း သိုမဟုတ် သတ်မှတ်ထားသော အဆောက်အအုံများတွင် နေထိုင်ကြရမည်ဖြစ်ကြောင်း၊ ရောဂါလက္ခဏာပြင်းထန်သူများအနေဖြင့် သတ်မှတ်ထားသော ဆေးရုံတွင် ခုတင်နေရာရရှိရန်နှင့် ကျန်းမာရေးဝန်ထမ်း အရင်းအမြစ်များ ခွဲဝေရရှိလာချိန်တွင် ဦးစားပေးသွားမည် ဖြစ်ကြောင်း သိရသည်။ 

ယင်းမှာ အကယ်၍ ဂျပန်နိုင်ငံတွင် ဆောင်းရာသီ၌ တုပ်ကွေးရောဂါဖြစ်ပွားမှု နှစ်ဆဖြစ်လာခြင်းနှင့် နိုဗယ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဒုတိယလှိုင်းဖြစ်ပေါ်လာမည်ဆိုပါက အစိုးရအနေဖြင့် ကျန်းမာရေးဆိုင်ရာ အဆောက်အအုံများ လုံလောက်မှုရှိစေရန်နှင့် စနစ်များ အခက်အခဲမရှိစေလိုခြင်းကြောင့် ဖြစ်သည်။ 

နိုင်ငံများစွာ၌ အချို့မှာ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် COVID-19 ကာကွယ်ဆေး အဆိုပြုချက်များ ဖော်ထုတ်ရန် အလျင်အမြန်ကြိုးစားလျက်ရှိကြောင်း၊ ယင်းအနက်အချို့မှာ လက်ရှိတွင် လက်တွေ့စမ်းသပ်မှု နောက်ဆုံးအဆင့် ရောက်ရှိနေသည်များရှိကြောင်း၊ အချို့မှာ ကြီးကြပ်ထိန်းသိမ်းရေးအဖွဲ့များထံမှ အရေးပေါ်ခွင့်ပြုချက် ရရှိရန် စောင့်ဆိုင်းလျက်ရှိကြောင်း သိရသည်။  (Xinhua)