Connect with us

WORLD

အိန္ဒိယနိုင်ငံတွင် တစ်ရက်တည်း COVID-19 ဖြစ်ပွားသူ ၈၃,၈၈၃ ဖြင့် အများဆုံးမှတ်တမ်းဝင်၊ သေဆုံးသူ ၆၇,၃၇၆ အထိရှိလာ

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် မိန်းကလေးငယ်တစ်ဦးထံမှ COVID-19 စစ်ဆေးစမ်းသပ်မှုအတွက် နှာခေါင်းတို့ဖတ်နမူနာ ရယူနေစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံတွင် COVID-19 ဖြစ်ပွားသူဦးရေသည် စက်တင်ဘာ ၃ ရက်၌ ၃,၈၅၃,၄၀၆ ဦးအထိ ရောက်ရှိလာခဲ့ပြီး သေဆုံးသူဦးရေမှာလည်း ၆၇,၃၇၆ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက နောက်ဆုံးထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။

အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့် ၂၄ နာရီအတွင်း ရောဂါတွေ့ရှိသူအသစ် ၈၃,၈၈၃ ဦးရှိပြီး သေဆုံးသူ ၁,၀၄၃ ဦးဖြင့် မှတ်တမ်းတင်သွားခဲ့ကြောင်း၊ ယင်းပမာဏသည် နိုင်ငံအတွင်း တစ်ရက်တည်း COVID-19 ဖြစ်ပွားမှုအသစ် အများဆုံးတွေ့ရှိခဲ့ခြင်းလည်း ဖြစ်သည်။

အိန္ဒိယနိုင်ငံတစ်ဝန်း လူနာ ၈၁၅,၅၃၈ ဦးမှာ ရောဂါကုသမှုခံယူနေရဆဲဖြစ်ပြီး ၂,၉၇၀,၄၉၂ ဦးမှာ ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံများမှ ဆင်းသွားခဲ့ပြီဖြစ်သည်။

အိန္ဒိယ ဆေးသုတေသနကောင်စီ (ICMR) ၏အဆိုအရ စက်တင်ဘာ ၂ ရက်အထိ ရောဂါစစ်ဆေးမှု စုစုပေါင်း ၄၅,၅၀၉,၃၈၀ ခု ပြုလုပ်ခဲ့ကြောင်းနှင့် စက်တင်ဘာ ၂ ရက် တစ်ရက်တည်းတွင် ရောဂါစစ်ဆေးမှု ၁,၁၇၂,၁၇၉ ခု စစ်ဆေးခဲ့ကြောင်း သိရသည်။

တစ်ရက်တည်းတွင် COVID-19 ရောဂါတွေ့ရှိသူအသစ်အရေအတွက် ရုတ်တရက် မြင့်တက်လာရခြင်းမှာ ဗဟိုအစိုးရက နမူနာများစစ်ဆေးမှု အရှိန်မြှင့်ဆောင်ရွက်လာခြင်းကြောင့် ဖြစ်သည်။ ထိုသို့ တစ်ရက်တည်းတွင် နမူနာစမ်းသပ်မှုပေါင်း တစ်သန်းကျော် စစ်ဆေးသည်မှာ ပဉ္စမအကြိမ်မြောက်ဖြစ်သည်။

အိန္ဒိယနိုင်ငံသည် စက်တင်ဘာ ၂ ရက်မှစတင်ကာ ကန့်သတ်ချက်များဖြေလျှော့မှုအဆင့် ၄ ကို လုပ်ဆောင်နေပြီဖြစ်သည်။ လမ်းညွှန်ချက်အသစ်များလည်း ပါဝင်သော ကန့်သတ်ချက်များဖြေလျှော့မှုအဆင့် ၄ ကို ဩဂုတ် ၂၉ ရက်က ထုတ်ပြန်ခဲ့သည်။

ကြေညာထားသည့် လမ်းညွှန်ချက်အသစ်များအရ ၉ တန်းမှ ၁၂ တန်းအထိ ကျောင်းသားများကို သင်ကြားမှုများအတွက် ၎င်းတို့၏ ဆရာများနှင့် ချဉ်းကပ်သင်ကြားရန်ခွင့်ပြုထားသော်လည်း စာသင်ကျောင်းများကိုမူ စက်တင်ဘာလ တစ်လလုံး ဆက်လက်ပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြေအောက်ရထားဝန်ဆောင်မှုများကိုလည်း စက်တင်ဘာ ၇ ရက်မှစတင်ကာ ခွင့်ပြုသွားမည် ဖြစ်ပြီး အများပြည်သူဆိုင်ရာ လုပ်ငန်းများ သို့မဟုတ် ဘာသာရေးဝတ်ပြုစုဝေးခြင်းများကိုလည်း အများဆုံး လူဦးရေ ၁၀၀ ခန့်အထိ စုဝေးခြင်းကို စက်တင်ဘာ ၂၁ ရက်မှစတင်၍ ခွင့်ပြုသွားမည် ဖြစ်ကြောင်း သိရသည်။  (Xinhua)