Connect with us

Politics, Law & Military

တပ်မတော်၏ စည်းလုံးညီညွတ်မှု ပျက်ပြားအောင် လုပ်ဆောင်လာနိုင်သဖြင့် သတိရှိကြရန် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဆို

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ရန်ကုန် တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် တွေ့ဆုံ အမှာစကားပြောကြားစဉ် (ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး)

ရန်ကုန်၊ မေ ၃ ရက် (ဆင်ဟွာ)

တပ်မတော်၏ စည်းလုံးညီညွတ်မှု ပျက်ပြားအောင် လုပ်ဆောင်လာနိုင်သဖြင့် သတိတရား ရှိကြရန် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရန်ကုန်တိုင်း စစ်ဌာနချုပ် အနော်ရထာ ခန်းမတွင် ရန်ကုန် တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံစဉ် ပြောကြားသည်။

တပ်မတော်၏ စည်းလုံးညီညွတ်မှု ပျက်ပြားအောင် နှင့် အားပျော့အောင် လုပ်ဆောင်လာနိုင်သဖြင့် တပ်တွင်း စည်းလုံး ညီညွတ်မှုကို အလေးထား လုပ်ဆောင်ကြရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

လက်ရှိ လျှောက်လှမ်းနေသည့် နိုင်ငံရေး စနစ် မှန်မှန်ကန်ကန်၊ ခိုင်ခိုင်မာမာ ရှိစေရန် နည်းလမ်းတကျ ပူးပေါင်း ဆောင်ရွက်နေသည့် တပ်မတော်၏ ရပ်တည်ချက်၊ လုပ်ဆောင်ချက်များ အပေါ် အထင်အမြင်လွဲမှား သုံးသပ်သူ တစ်ချို့သည် တပ်မတော် ပြိုကွဲအောင် ခွဲထုတ် ဖြိုဖျက်ခြင်းများ နည်းလမ်း မျိုးစုံဖြင့် လုပ်ဆောင်နေကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

တပ်မတော် အနေဖြင့်လည်း ပြည်သူ ရွေးချယ်သော လမ်းကြောင်းကို အနှောင့်အယှက် မရှိစေရန် တည်ငြိမ် အေးချမ်းစွာ လျှောက်လှမ်း ဖြတ်သန်းနိုင်ရန် တတ်စွမ်းသရွေ့ ပါဝင် ဆောင်ရွက်ခဲ့ကြောင်း၊ ၂ဝ၁၅ ခုနှစ် ဒုတိယအကြိမ် ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲ အကြို၊ ရွေးကောက်ပွဲနှင့် ရွေးကောက်ပွဲအလွန် ကာလများတွင် မိမိတို့၏ အခြေခံ သဘောထား ရပ်တည်ချက်များကို ထုတ်ဖော် ပြောကြား၍ လွတ်လပ်ပြီး တရားမျှတမှုကို ဖော်ဆောင် ပြသနိုင်ခြင်းမှာ တပ်မတော်၏ ဂုဏ်ပင် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

လက်ရှိ အခြေအနေတွင် တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးဆိုင်ရာ လုပ်ဆောင်ရန် များစွာ ရှိနေကြောင်း၊ ဒီမိုကရေစီ စနစ်ကို လက်ခံပါက၊ ခိုင်မြဲစေလိုပါက လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေး၊ တရားဥပဒေ လေးစား လိုက်နာရေး၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ လုပ်ကိုင်ရေးများ အလေးထားရမည် ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးနှင့် ပတ်သက်၍ တစ်ချို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများသည် တိုင်းရင်းသားများ၏ အခွင့်အရေး တောင်းဆိုမှုအပေါ် မူတည် ဖြစ်ပေါ်လာသော်လည်း တစ်ချို့ အဖွဲ့အစည်းများမှာ ဥပဒေတွင် ပြဋ္ဌာန်းပေးထားပြီး ဖြစ်သည့် အချက်အလက်များအား မျက်ကွယ်ပြု၍ အတင်းတောင်းဆိုမှုများလည်း ရှိကြောင်း မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသည်။
ယင်းအပေါ်တွင် တစ်ချို့သော အဖွဲ့အစည်းများက သွေးထိုးရန် တိုက်၍ အမုန်းတရား ကြီးမားအောင် လုပ်ဆောင်နေခြင်းသည် တိုင်းရင်းသား စည်းလုံး ညီညွတ်မှုကို မခိုင်မြဲအောင် လုပ်ဆောင်ခြင်း ဖြစ်၍ များစွာ အန္တရာယ် ကြီးမားကြောင်း၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှုကို ထိခိုက်စေမည့် ပြုမူ ပြောဆို ရေးသား လုပ်ဆောင်မှုများ မဖြစ်စေရေး ကြပ်မတ် ထိန်းသိမ်းရန် လိုကြောင်း၊ မိမိတို့ တပ်မတော်သား စစ်မှုထမ်းများ အနေဖြင့်လည်း တစ်ဦးချင်း ကိုယ်ရေး ကိုယ်တာ ကိစ္စရပ်များ အပါအဝင် ပြောဆို နေထိုင်လုပ်ကိုင်မှု အားလုံးကို စဉ်းစားဆင်ခြင် ထိန်းသိမ်း လုပ်ဆောင်ခြင်းဖြင့် ပြည်သူနှင့် စည်းလုံး ညီညွတ်မှု ခိုင်မာအောင် တည်ဆောက်ရန် တိုက်တွန်း ပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ပူးတွဲတာဝန် ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော် အရာရှိကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် ရန်ကုန် တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက် ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.