Social
ရန်ကုန် ဆိပ်ကမ်း၌ ကုန်တင်ကုန်ချ အခက်အခဲကို ၂၁ ရက်အတွင်း အဆင်ပြေရန် လုပ်ဆောင်ပေးမည်ဟု ပြည်ထောင်စု ဝန်ကြီးဆို
ရန်ကုန်၊ မေ ၂၀ ရက် (ဆင်ဟွာ)
ရန်ကုန်မြို့ရှိ ဆိပ်ကမ်းများတွင် ကုန်တင် ကုန်ချ ပြုလုပ်ရာ၌ ကြုံတွေ့နေရသည့် အခက်အခဲများကို ၂၁ ရက် (သုံးပတ်အတွင်း) ပုံမှန်အတိုင်း ဖြစ်အောင် လုပ်ဆောင်မည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းမြင့်က ပြောကြားသည်။
ဆိပ်ကမ်းများတွင် ကုန်တင် ကုန်ချ ပြုလုပ်ရာ၌ အချိန် ကြန့်ကြာခြင်းများကို ရန်ကုန်မြို့ရှိ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၌ ကျင်းပသော ကုန်သွယ်ရေးနှင့် စီးပွားရေး လုပ်ငန်းများ အထူးလုပ်ငန်း အဖွဲ့ အစည်းအဝေး၌ သြင်္ကန်ကာလ အပြီးက ဆွေးနွေးခဲ့သည်။
ရန်ကုန်မြို့ရှိ ဆိပ်ကမ်းများ၌ ယခင်နှစ် သြင်္ကန်ကာလတွင် ကုန်သေတ္တာတင် သင်္ဘောများ အဝင်၊ အထွက် မရှိသော်လည်း ယခုနှစ် သြင်္ကန်ကာလ အတွင်း ကုန်သေတ္တာတင် သင်္ဘော ၁၂ စင်း ဆိုက်ကပ်ခဲ့ပြီး ကွန်တိန်နာ အလုံးရေ ၁ဝ,ဝဝဝ ကျော် ဝင်ရောက်ခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့ရှိ ဆိပ်ကမ်းများသည် ကျဉ်းမြောင်းသောကြောင့် ကွန်တိန်နာများ အလွယ်တကူ အတင်အချ မပြုလုပ်နိုင်ခြင်း၊ ၂၄ နာရီ စီမံခန့်ခွဲမှု မပြုလုပ်နိုင်ခြင်း စသည့် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း လုပ်ငန်းရှင် တစ်ဦးက ဆိုသည်။
ရန်ကုန် ဆိပ်ကမ်းနှင့် လေဆိပ်တို့တွင် ကုန်သေတ္တာနှင့် ကုန်စည် ရှင်းလင်း ရေးအား Manual စနစ်ဖြင့် လုပ်ဆောင်လျက် ရှိရာမှ အချိန်ကုန် သက်သာပြီး ကုန်သေတ္တာနှင့် ကုန်စည် ရှင်းလင်းရေး လွယ်ကူ လျင်မြန်စေရန် ဂျပန်အစိုးရ၏ ကူညီ ပံ့ပိုးမှုဖြင့် မြန်မာ အလိုအလျောက် ကုန်စည် ရှင်းလင်းရေး စနစ် (Myanmar Automated Cargo Clearance System- MACCS) ကို ၂ဝ၁၆ နှစ်ကုန်ပိုင်းတွင် အသုံးပြု နိုင်ရန် လုပ်ဆောင်လျက် ရှိသည်။ (Xinhua)