Connect with us

Social

နိုင်ငံ ဖွံ့ဖြိုးစေသည့် အရည်အသွေးပြည့် လူငယ်အဖွဲ့များ ရရှိရန် လူငယ်မူဝါဒ ရေးဆွဲမည်

လူငယ်မူဝါဒ ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)

အရည်အသွေး ပြည့်ဝသည့် လူငယ် အဖွဲ့အစည်းများ ရှိသော နိုင်ငံများသည် ဖွံ့ဖြိုး တိုးတက်လျက် ရှိပြီး မြန်မာနိုင်ငံရှိ လူငယ်များအတွက် လူငယ် မူဝါဒ တစ်ရပ် ချမှတ်ကာ စနစ်တကျ ပြုစု ပျိုးထောင် ပေးနိုင်မှသာ အနာဂတ် မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်နိုင်မည် ဖြစ်ကြောင်း နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနတွင် ယနေ့နံနက်မှ မနက်ဖြန် ဇူလိုင်လ ၁၅ ရက် ညနေအထိ ပြုလုပ်သည့် လူငယ်မူဝါဒ ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ အဖွင့်၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုးကြည်က ပြောကြားခဲ့သည်။

ပညာရေးနှင့် အရည်အသွေး မြှင့်တင်ခြင်း၊ ကျန်းမာရေး၊ အလုပ်အကိုင်နှင့် စီးပွားရေး၊ အားကစားနှင့် အပန်းဖြေခြင်း၊ အနုပညာနှင့် ယဉ်ကျေးမှု၊ ကာကွယ်စောင့်ရှောက်ခြင်း၊ လုံခြုံရေး၊ အန္တရာယ် ကင်းရှင်းရေး နှင့် တရားဥပဒေ စိုးမိုးရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ သုတေသန၊ ကျား – မ လူမှု တန်းတူညီမျှရေး၊ နိုင်ငံ သားကောင်း ဖြစ်ခြင်းနှင့် လုပ်အားပေး စိတ်ဓာတ်၊ နိုင်ငံရေးရာများတွင် ပါဝင်ခြင်း၊ တာဝန်နှင့် အခွင့်အလမ်းများ စသည့် အကြောင်းအရာများ ပါဝင်မည့် လူငယ် မူဝါဒ တစ်ရပ်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ရွေးချယ်ပေးသည့် လူငယ်များ ပါဝင် ရေးဆွဲကြမည်ဖြစ်ပြီး ရရှိလာသည့် မူဝါဒ မူကြမ်းကို သက်ဆိုင်ရာဌာနများ သာမက ပြည်ထောင်စု လွှတ်တော်ကပါ စိစစ် အတည်ပြုသွားမည် ဖြစ်သည်။

လူငယ်မူဝါဒ ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပနေစဉ် (ဆင်ဟွာ)
ယနေ့ပြုလုပ်သည့် အလုပ်ရုံ ဆွေးနွေးပွဲသည် အဆိုပါ လူငယ်မူဝါဒတွင် မည်သည့် အကြောင်းအရာများ ပါဝင်သင့်သည် ဆိုသည်ကို လက်ရှိ လူငယ် အရေး လှုပ်ရှားမှု Network များတွင် ပါဝင် ဆောင်ရွက်နေကြသည့် လူငယ်များက ကြိုတင် ဆွေးနွေးကြသည့် ပွဲဖြစ်သည်။
“လူငယ်မူဝါဒ တကယ်ရေးဆွဲမယ့် သူတွေတော့ အခု မပါသေးဘူး။ အခု လာကြတာက လူငယ်လှုပ်ရှားမှု network တွေမှာ လက်ရှိ လုပ်နေကြတဲ့ လူငယ်တွေ၊ ပြည်နယ် တိုင်းတစ်ခုစီကနေ နှစ်ယောက်စီ အနည်းဆုံး လာကြတယ်။ အားလုံး ၃၉ ယောက်ပါ။ သူတို့က သက်ဆိုင်ရာ ပြည်နယ် တိုင်းတွေကို ပြန်သွားပြီး ဒီနေ့အလုပ်ရုံ ဆွေးနွေးပွဲကရရှိတဲ့ အကြောင်းအရာတွေကို လူငယ်တွေကို ချပြပါမယ်။ Forum တွေ လုပ်ပြီး ဆွေးနွေးကြပါမယ်။ စက်တင်ဘာ လကုန်မှာ သင့်လျော်မယ့် လူငယ်တွေကို ရွေးပြီးမှ အဲဒီ အရွေးခံရတဲ့ လူငယ်တွေက မူဝါဒ မူကြမ်း ရေးဆွဲရာမှာ ပါလာမှာ” ဟု လူငယ် မူဝါဒ ရေးဆွဲရေး လုပ်ငန်းစဉ်ကို ပြည်တွင်း အမျိုးသား အကြံပေး ( Local national consultant) ဒေါက်တာ နေဝင်းက ရှင်းပြသည်။ ယခု နှစ်ရက်တာ ပြုလုပ်သည့် အလုပ်ရုံ ဆွေးနွေးပွဲသို့တက်ရောက်လာသူများက ၎င်းတို့ဒေသမှ လူငယ် ကိုယ်စားလှယ် (တိုင်းဒေသကြီးနှင့် ပြည်နယ် တစ်ခုလျှင် တစ်ဦးနှုန်းဖြင့်) ၁၂ ဦးတို့ကို ရွေးချယ်ပြီး လူငယ်မူဝါဒ ရေးဆွဲရန် စေလွှတ်မည် ဖြစ်သည်။
“လူငယ်တွေ ကိုယ်တိုင်ပါဝင်ပြီး လူငယ်မူဝါဒ ရေးဆွဲဖို့လုပ်တာ ဒါဟာ ပထမဆုံးပါ၊ မူဝါဒကို အပေါ်က ရေးဆွဲပြီး ချပေးတာ မဟုတ်ဘဲ အောက်ခြေကနေ ရေးဆွဲသွားမှာပါ” ဟု ဒေါက်တာ နေဝင်းက ဆင်ဟွာသို့ ပြောသည်။
ယခုလုပ်ငန်းစဉ်ကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ဝန်ကြီးဌာန သုံးခုနှင့် UNFPA, UNICEF, UNV, UNESCO တို့ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်သည်။ အဆိုပါ ဝန်ကြီးဌာန သုံးခုတို့သည် ပြည်ထောင်စုအဆင့် ဝန်ကြီးများ အစည်းအဝေးကို စတင်ဆောင်ရွက်ခဲ့ပြီး ထိုအစည်းအဝေးက ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီ နှင့် လူငယ်မူဝါဒ မူကြမ်းရေးဆွဲရေး ကော်မတီဟူ၍ ကော်မတီ သုံးခု ဖွဲ့ခဲ့ကြောင်း၊ လူငယ်မူဝါဒ ကို တစ်နိုင်ငံလုံးက လူငယ်တွေ ပါဝင်ရေးဆွဲ နိုင်ဖို့အတွက် ကော်မတီတိုင်းတွင် လူငယ်များ ပါဝင် ဖွဲ့စည်းထားကြောင်း၊ စက်တင်ဘာလကုန်တွင် ရောက်လာကြမည့် လူငယ်ကိုယ်စားလှယ် ၁၂ ဦးတို့က တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ပြုလုပ်ခဲ့သည့် Forum များ၏ ဆွေးနွေးချက် ရလဒ်များကို ပြည်ထောင်စု အဆင့်သို့ယူဆောင်လာကာ ပါဝင် ရေးဆွဲကြမည် ဖြစ်ကြောင်းနှင့် ၂၀၁၆ နှစ်အတွင်း မူဝါဒ မူကြမ်း အဆင့် ပြီးစီးရန် လျာထားကြောင်းလည်း ဒေါက်တာ နေဝင်းက ရှင်းပြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117