Sport
မြန်မာ့ စပါးကြီးမြွေ အောင်လ အန်ဆိုင်း ပြိုင်ဘက် ပိုလန် နိုင်ငံသားနှင့် ယှဉ်ပြိုင်ရန် အဆင်သင့် ဖြစ်နေဟုဆို
ရန်ကုန် ၊ စက်တင်ဘာ ၆ ရက်(ဆင်ဟွာ)
ဘက်စုံ ကိုယ်ခံပညာသုံး ပြိုင်ပွဲဖြစ်သည့် ONE:STATE OF WARRIORS ပြိုင်ပွဲတွင် ကချင် တိုင်းရင်းသား အောင်လ အန်ဆိုင်း (ခ) မြန်မာစပါးကြီးမြွေ သည် ပြိုင်ဘက် ဖြစ်သူ ပိုလန် နိုင်ငံသား မိုက်ကယ် ပက်စတားနက် နှင့် ယှဉ်ပြိုင်ရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း ယနေ့စက်တင်ဘာလ ၆ ရက်တွင် ရန်ကုန်မြို့၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။
ဘက်စုံ ကိုယ်ခံပညာသုံး ONE:STATE OF WARRIORS ပြိုင်ပွဲအား အောက်တိုဘာ ၇ ရက်တွင် ရန်ကုန်မြို့သုဝဏ္ဏ မိုးလုံလေလုံ အားကစားကွင်း၌ ကျင်းပ ပြုလုပ်မည် ဖြစ်ပြီး အဓိက ပွဲစဉ် အဖြစ် အလယ်တန်း ဝိတ်တန်းတွင် မြန်မာ စပါးကြီးမြွေ အောင်လ အန်ဆိုင်း နှင့် ပိုလန် ထိပ်တန်း ကစားသမား မိုင်ကယ် ပက်စတာနက်တို့ယှဉ်ပြိုင်သွားမည် ဖြစ်သည့် အပြင် ကမ္ဘာ့အငယ် ဝိတ်တန်း ချန်ပီယံ ပွဲစဉ် အဖြစ် ဂျပန် နိုင်ငံမှ လက်ရှိ ချန်ပီယံ ချီဘာမြို့သား ယိုရှိတာကာ နိုဘီတာ နှင့် ဖိလစ်ပိုင် နိုင်ငံ ဘာဂီအိုမြို့သား ဂျော်ရူးဝါးပတ်ကီအို တို့မှလည်း ချန်ပီယံဆု အတွက် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။
ဘက်စုံ ကိုယ်ခံပညာသုံး ပြိုင်ပွဲဖြစ်သည့် ONE:STATE OF WARRIORS ပြိုင်ပွဲအကြောင်း သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်စဉ်(ဆင်ဟွာ)
“မိုက်ကယ်နဲ့ယှဉ်ပြိုင်မယ့် ပွဲမှာ ကျွန်တော် တတ်စွမ်းသမျှ အကောင်းဆုံး ယှဉ်ပြိုင် တိုက်ခိုက် သွားပြီးတော့ ပရိသတ်တွေ ဂုဏ်ဆောင်နိုင်အောင် ကြိုးစားသွားမှာပါ။”ဟု ကချင် တိုင်းရင်းသား အောင်လ အန်ဆိုင်းက ပြောကြားခဲ့သည်။
ထို့အတူ ပြိုင်ဘက် ပိုလန် နိုင်ငံသား မိုက်ကယ် ပက်စတားနက် ကို အနိုင်ရရှိအောင် ကစားသွားမည် ဖြစ်ကြောင်း ၊ ပြိုင်ဘက် ကစားသမား၏ အားသာချက် ၊ အားနည်းချက်များကိုလည်း လေ့လာထားကြောင်း အောင်လ အန်ဆိုင်းက သတင်းမီဒီယာများအား ပြောကြားခဲ့သည်။
“အောင်လ အန်ဆိုင်းဟာ သူ့နိုင်ငံရဲ့သူရဲကောင်း တစ်ယောက် ဆိုတာ ကျွန်တော် သိပါတယ်။ဒါပေမယ့် ကျွန်တော် ဒီကို လာပြီး ပရိသတ်တွေ မျှော်လင့် ရင်ခုန်နေတဲ့ ရလဒ်မျိုးကို ခွင့်ပေးဖို့အစီအစဉ် မရှိပါဘူး။”ဟု ပိုလန် နိုင်ငံသား မိုက်ကယ် ပက်စတားနက် က ပြောကြားခဲ့သည်။
ကချင် တိုင်းရင်းသား အောင်လ အန်ဆိုင်း (ခ) မြန်မာစပါးကြီးမြွေ သည် ပွဲပေါင်း ၂၇ ပွဲ ကစားထားရာတွင် ၁၈ ပွဲနိုင် ၊ ၉ ပွဲရူံး နှင့် သရေပွဲ မရှိ စံချိန်တင် ရပ်တည်နေသူ ဖြစ်ပြီး ပြိုင်ဘက် ပိုလန် နိုင်ငံသား မိုက်ကယ် ပက်စတားနက်သည် MMA ပွဲစဉ် တလျှောက်တွင် ၁၁ ပွဲ နိုင်ပြီး ရှုံးပွဲ ၁ ပွဲသာ ရှိသေးသည့် ကစားသမား တစ်ဦး ဖြစ်ကြောင်း သိရသည်။(Xinhua)