Environment, Disasters & Accidents
မိုးကုတ်မြို့၌ ကျောက်တွင်း ဓါတ်လှေကား မတော်တဆမှု ဖြစ်ပွားကာ ကျင်းသား ၆ ဦး ပွဲချင်းပြီး သေဆုံး
ရန်ကုန် ၊ ဇန်နဝါရီ ၅ ရက်(ဆင်ဟွာ)
မိုးကုတ်မြို့ ပြောင်းပြင်ကျေးရွာအုပ်စု ကိုးလံကျေးရွာ အနီးရှိ မိုးကုတ်ပရိုက်(ဒ်) ကျောက်မျက်ရတနာကုမ္ပဏီပိုင် ကျောက်ပုတ်(၁) ကျောက်မျက်တူးဖော်ရေး လုပ်ကွက်တွင် ယနေ့ဇန်နဝါရီ ၅ ရက်တွင် ကျောက်တွင်း ဓါတ်လှေကား မတော်တဆမှု ဖြစ်ပွားခဲ့ပြီး ကျင်းသား ၆ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။
ဇန်နဝါရီလ ၅ ရက် ၊ နံနက် ၆ နာရီခွဲအချိန်ခန့်တွင် နေ့ဆိုင်း ကျောက်တွင်း လုပ်ငန်းလုပ်ကိုင်ရန် အနက်ပေ (၃၀၀) ခန့်ရှိ ကျောက်တွင်းသို့ ဓာတ်လှေကားအား အတင်အချ ပြုလုပ်စဉ် ဓာတ်လှေကား ချိတ်ထိန်းခလုတ် ပြုတ်ထွက်ပြီး ဓာတ်လှေကားအတွင်း စီးနင်းလိုက်ပါသည့် ငဖဲမြို့နယ်မှ ဝင်းဝင်းထွန်း၊ တင်ကိုဝင်း၊ ရန်နိုင်အောင်၊ စိုးသီဟနှင့် မင်းလှမြို့နယ်မှ ကျော်ရဲအောင်၊ ဒီမော့ဆိုမြို့နယ်မှ ဂျော်ကင်းဆိုသူ ကျင်းသား ၆ ဦးမှာ ဓာတ်လှေကား အတွင်းမှ အနက်ပေ ၃၀၀ ခန့်ရှိ ကျင်းထဲသို့ ပြုတ်ကျကာ ပြင်းထန်ဒဏ်ရာများ ရရှိ၍ အခင်းဖြစ်ပွားရာ နေရာတွင် ပွဲချင်းပြီး သေးဆုံးခဲ့ကြရကြောင်း သိရသည်။
ထိုကျောက်တွင်း ဓာတ်လှေကား မတော်တဆမှု ၊ ကျင်းသား ၆ ဦး သေဆုံးခဲ့ရမှုနှင့် ပတ်သက်၍ မိုးကုတ်မြို့ ကျပ်ပြင် နယ်မြေရဲစခန်းမှ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ထို့အတူ ၂၀၁၆ ဒီဇင်ဘာ ၃၀ ရက်နေ့တွင် မိုးကုတ်မြို့ သဒွတ်သျှိုကျေးရွာအုပ်စု ကျောင်ဆောင်ကျေးရွာအနီးရှိ ရတနာရှင်ကျောက်မျက်ကုမ္ပဏီ၏ ကျောက်မျက်လုပ်ကွက်(၅.၃) တွင် ကျောက်တွင်းပြိုကျမှုဖြစ်ပွားခဲ့ပြီး ကျင်းသား ၆ ဦး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။(Xinhua)