Connect with us

Politics, Law & Military

စတုတ္ထမြောက် တယ်လီကွန်း အော်ပရေတာလိုင်စင် ဗီယက်နမ် ဖက်စပ် ပါဝင်သည့် MNTC ကုမ္ပဏီ ရရှိ

စတုတ္ထမြောက် တယ်လီကွန်း အော်ပရေတာ လိုင်စင် ပေးအပ်ပွဲတွင် ပို့ ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦး သန့် စင်မောင် မိန့် ခွန်း ပြောနေစဉ်။

နေပြည်တော်၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ စတုတ္ထမြောက် တယ်လီကွန်း အော်ပရေတာ လိုင်စင် ရွေးချယ်ပေးအပ်နိုင်ရေးအတွက် ပြည်ထောင်စု အစိုးရအဖွဲ့သည် နိုင်ငံတကာ လုပ်ထုံး လုပ်နည်းများနှင့် အညီ အဆင့်ဆင့် ဆောင်ရွက်ခဲ့ရာ အဆိုပါ လိုင်စင်အတွက် ဗီယက်နမ် နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုပါဝင်သည့် MNTC (Myanmar National Tele & Communications) ကုမ္ပဏီအား ရွေးချယ် သတ်မှတ်ခဲ့ပြီး လိုင်စင်ပေးအပ်သည့် အခမ်းအနားကို နေပြည် တော်ရှိ Hilton Hotel တွင် ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

၁၅ နှစ်တာ လုပ်ငန်း လိုင်စင်ခနှင့် လိုင်းအသုံးပြုခ အမေရိကန် ဒေါ်လာ သန်း သုံးရာဖြင့် စတုတ္ထမြောက် တယ်လီကွန်း အော်ပရေတာ ဖြစ်လာသည့် MNTC ကုမ္ပဏီကို မြန်မာနိုင်ငံဘက်မှ Myanmar National Telecom Holding Public Limited က ရှယ်ယာ ၂၃ ရာခိုင်နှုန်း၊ Star High Public Co., Ltd. က ရှယ်ယာ ၂၈ ရာခိုင်နှုန်း ( ပြည်တွင်း ရှယ်ယာ ၅၁ ရာခိုင်နှုန်း) ဖြင့်လည်းကောင်း၊ ပြည်ပ ရင်းနှီးမြှုပ်နံှ့မှု အဖြစ် ဗီယက်နမ် နိုင်ငံမှ Viettel ကုမ္ပဏီက ၄၉ ရာခိုင်နှုန်း ဖြင့်လည်းကောင်း ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း သိရသည်။

စတုတ္ထမြောက် တယ်လီကွန်း အော်ပရေတာ လိုင်စင်အား MNTC (Myanmar National Tele & Communications) ကုမ္ပဏီထံ ပေးအပ်နေစဉ်။

ဆောင်ရွက်မှုများနှင့် ပတ်သက်ပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦး သန့်စင်မောင်က “စတုတ္ထမြောက် တယ်လီကွန်း အော်ပရေတာ လိုင်စင် ရွေးချယ်ပေးအပ်နိုင်ရေးအတွက် ပြည်ထောင်စု အစိုးရအဖွဲ့အနေနဲ့Joint venture Formation and Tender selection Work Committee ကို ဖွဲ့စည်း ဆောင်ရွက်စေခဲ့ပြီး Fourth telecom operator license လျှောက်ထားခြင်းအတွက် local consortium နဲ့ ပူးပေါင်း ဆောင်ရွက်မယ့် partner ခေါ်ရာမှာ နိုင်ငံတကာ လုပ်ထုံး လုပ်နည်းတွေနဲ့အညီ ပွင့်လင်း မြင်သာစွာ ဆောင်ရွက်ခဲ့ပါတယ်” ဟု ယနေ့ အခမ်းအနား၏ အဖွင့် မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

Myanmar National Tele & Communications Co., Ltd. ၏ CEO ဦးဇော်မင်းဦးက “ ဆင်းမ်ကတ်တွေ ဖြန့်ဖြူး မှာကတော့ တစ်နှစ်လောက်တော့ ကြာပါလိမ့်မယ်၊ အချိန်ယူရမှာပါ၊ ဈေးနှုန်းက လက်ရှိ ရှိနေတဲ့ ဈေးနှုန်း အတိုင်းပဲ ဖြစ်လိမ့်မယ်၊ ဝန်ဆောင်မှုနဲ့ Network အရည်အသွေးပေါ်မှာပဲ အဓိက ထားပြီး ယှဉ်ပြိုင်သွားမှာပါ၊ network အရည်အသွေးက ရှိရင်းစွဲ လိုင်းတွေထက် ပိုမြင့်ပါတယ်၊ ကျေးလက်ကို ကျွန်တော်တို့အဓိကထားမယ်၊ တတ်နိုင်သမျှတော့ Fiber ဆက်ကြောင်းတွေ ကျွန်တော်တို့သုံးသွားမယ်၊ လုံး၀ လုပ်လို့မရတဲ့ အချိန်မှာတော့ မိုက်ခရို ဖြစ်ရင် ဖြစ်မယ်၊ ဂြိုဟ်တုတွေကနေ ပေးသွားမှာပါ၊ အလုပ်အကိုင် အခွင့်အလမ်းက တိုက်ရိုက်ခန့်ထားမှုအားဖြင့် ခြောက်ထောင်လောက်၊ သွယ်ဝိုက်ခန့်ထားမှုအားဖြင့် သိန်းနဲ့ချီပြီး ဖန်တီးပေနိုင်မယ်လို့ မှန်းထားပါတယ်၊”ဟု မီဒီယာကို ဖြေကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.