Social
အလုံဆိပ်ကမ်း၌ ကုန်သေတ္တာအတွင်း တရားမဝင်ကျွန်းသစ်ခွဲသားများထည့်၍ ပြည်ပသို့ တင်ပို့သူများကို ဖမ်းဆီး
ရန်ကုန်၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ)
အလုံမြို့နယ်၊ ဧရာဝတီရပ်ကွက်၊ MIP ဆိပ်ကမ်းဝင်း၌ ကုန်သေတ္တာအတွင်း တရားမဝင်ကျွန်းသစ်ခွဲသားများ ထည့်၍ ပြည်ပသို့ တင်ပို့ရန် လုပ်ဆောင်သူများကို ဖမ်းဆီးစစ်ဆေးမိရာ ဥပဒေအရအရေးယူ သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါ ဆိပ်ကမ်းဝင်းအတွင်းရှိ ကုန်သေတ္တာအမှတ် MAGU 2266355 နှင့် TEMU 2829634 တို့အတွင်း၌ ကျွန်းသစ်ခွဲသားဆိုဒ်စုံ စုစုပေါင်း ၃၃.၆၀၄၂ တန်အား ပြည်ပသို့ တင်ပို့ရန် သင်္ဘောတင်မည့် အနေအထားတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ယင်း ကျွန်းသစ်များကို တရားမဝင်တင်ပို့မှုနှင့် ပတ်သတ်ပြီး ပြည်ပသို့တင်ပို့ခွင့်လျှောက်ထားသူ၊ ပဲမျိုးစုံနှင့်သစ်ရောင်းဝယ်ရေးကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ၊ ပြည်ပသို့တင်ပို့နိုင်ရန်အတွက် ဆိပ်ကမ်းလုပ်ငန်းများနှင့် အကောက်ခွန်လုပ်ငန်းများကို အဓိကပါဝင်လုပ်ဆောင်ပေးခဲ့သူ နှစ်ဦး စုစုပေါင်း လေးဦးကို အရေးယူပေးရန် အလုံမြို့နယ် သစ်တောဦးစီးအရာရှိမှ တရားလိုပြုလုပ်တိုင်တန်းချက်အရ အလုံမြို့မရဲစခန်း (ပ)၂၆/၂၀၁၇၊ သစ်တောဥပဒေပုဒ်မ ၄၃(က)ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိပြီး
တိမ်းရှောင်နေသူ တစ်ဦးအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။(Xinhua)