Connect with us

Business

ရန်ကုန်တိုင်းဒေသကြီး ဒဂုံ လေးမြို့နယ်တွင် အိမ်ခြံမြေအဝယ်လိုက်၊ အိမ်ခြံမြေဈေးနှုန်း ၁၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းကျော်လောက်အထိ တက်လာ

မြောက်ဒဂုံမြို့နယ်ရှိ မြေကွက်တချို့အား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး ဒဂုံလေးမြို့နယ်ဖြစ်သော ဒဂုံမြို့သစ်မြောက်ပိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းနှင့် ဒဂုံဆိပ်ကမ်းမြို့နယ်များတွင် မြေကွက်များ ရောင်းအားကောင်း၍ အိမ်ခြံမြေဈေးနှုန်းမှာ ၁၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းကျော်အထိ ဈေးတက်ခဲ့ကြောင်း ဒဂုံမြို့သစ်မြို့နယ်များရှိ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းတချို့မှ သိရသည်။

မြောက်ဒဂုံမြို့နယ်ရှိ မြေကွက်တချို့အား တွေ့ရစဉ် (ဆင်ဟွာ)

မြောက်ဒဂုံမြို့နယ်ရှိ မြေကွက်တချို့အား တွေ့ရစဉ် (ဆင်ဟွာ)

“သိန်း ၃၀၀ တန် မြေကွက်ဆိုရင် သိန်း ၅၀၀ လောက်ဖြစ်သွားတယ်။ ၂၀၂၁ ခုနှစ် တုန်းက မြေဈေးက ဒီနှစ်လောက် မလှုပ်ခတ်သေးဘူး။ ဒဂုံအရှေ့ဘက်ခြမ်းမှာဆိုရင်လမ်းကျယ်တဲ့ နေရာမှာ သိန်း ၈၀၀ တန်မြေကွက်က အခု သိန်း ၁၂၅၀ အထက်ဖြစ်လာပြီ။ ၂၀၂၁ ခုနှစ် အောက်တိုဘာလလောက်ကနေစပြီး တဖြည်းဖြည်းချင်းတက်လာတာ။’’ ဟု Area Pro Real Estate မှ ကိုသောမက်စ်က ဆင်ဟွာသို့ ယနေ့ ဇူလိုင် ၉ ရက်တွင်ပြောသည်။
အဆိုပါ ဒဂုံလေးမြို့နယ်အနက် မြောက်ဒဂုံမြို့နယ်နှင့် ဒဂုံအရှေ့ မြို့နယ်များကို လူကြိုက်ပိုများပြီး အရောင်းအဝယ်ပိုသွက်ကြောင်း ကိုသောမက်စ်က ဆိုသည်။ ဒဂုံအရှေ့မြို့နယ်၌ လမ်းမပေါက်သေးသော ရပ်ကွက် များမှ မြေကွက်များအား ဝယ်ရောင်းလုပ်ကိုင်သူများက ဝယ်ယူကြကြောင်း သိရသည်။ ဒဂုံအရှေ့ မြို့နယ်တွင် ရပ်ကွက် ၁ မှ ရပ်ကွက် ၁၅ အထိ အိမ်ခြံမြေများမှာ ဈေးပိုကောင်းကြောင်း သိရသည်။

“ရင်းနှီးမြှုပ်နှံဖို့ဝယ်သူတွေကတော့ ဖွံ့ဖြိုးတိုးတက်ပြီးသားမဟုတ်ဘူး။ မကြာခင်ဖွံ့ဖြိုးတိုးတက်လာမယ်ဆိုတဲ့ နေရာတွေကို ဝယ်ကြတယ်။ ပုံမှန်အားဖြင့် ငွေပေါ်ငွေရင်းလေးတွေကတော့ မြောက်ဒဂုံနဲ့ ဒဂုံအရှေ့ ရပ်ကွက် ၁ မှ ရပ်ကွက် ၁၅ အတွင်း ဝယ်ကြတယ်’’ ဟု ကိုသောမက်စ်က ဆိုသည်။
ရန်ကုန်မြို့ပြင်ရှိ ဒဂုံ ၄ မြို့နယ်တွင် မြောက်ဒဂုံမြို့နယ်သည် ဈေးအမြင့်ဆုံးဖြစ်ကြောင်း သိရသည်။

ယုန်ဖြူလေးအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ မလဝန်းအိမ်က “ဈေးတွေကတော့ တက်နေတယ်။ ၅၀ ကွေ့လို နေရာမျိုးမှာတောင် သိန်း ၁၀၀၀ ကျော်ပေါက်တယ်။ မြောက်ဒဂုံမြို့နယ်ထဲမှာဆိုရင် ၃၇ ရပ်ကွက်မှာ စာရွက်စာတမ်းခိုင်ရင် ပေ၂၀-ပေ၆၀ တောင် သိန်း ၁၀၀၀ ကျော် လောက်ပေါက်တယ်။’’ ဟု ဆင်ဟွာသို့ ယနေ့ ဇူလိုင် ၉ ရက်တွင် ပြောသည်။

မြောက်ဒဂုံမြို့နယ် တွင် သရုပ်ဆောင်များနှင့် ရန်ကုန်မြို့လယ်မှ ဝိတ်လျှော့၍ ခြံနှင့် အိမ်နှင့် နေထိုင်လိုသူများ က ဝယ်ယူလာသောကြောင့် မြောက်ဒဂုံမြို့နယ်တွင် နေထိုင်ရန် ဝယ်ယူသူပိုများလာကြကြောင်း မလဝန်းအိမ်က ဆိုသည်။
လမ်းမတန်း မြေကွက်များလည်း သိန်း ထောင်နှင့်ချီ၍ ပေါက်ဈေးရှိကြောင်း သိရသည်။

မလဝန်းအိမ်က “ဒဂုံ ၄မြို့နယ်မှာက မြေဈေးတွေက တက်သွားတာပဲရှိတယ်။ ကျသွားတာမရှိဘူး။ လက်ရှိ ဗထူးလမ်းမကြီးပေါ်မှာ ပေ၄၀-၆၀ ကို သိန်း ၅၀၀၀ ပေါက်တယ်။ တပင်ရွှေထီးလမ်းမပေါ်မှာ ပေ ၄၀-၆၀ ကို သိန်း ၃၀၀၀ ကျော်၊ သိန်း ၄၀၀၀ ကြားပေါက်တယ်။ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ပေ ၄၀ -၆၀ ကို သိန်း ၄၀၀၀ ကျော်နဲ့ သိန်း ၅၀၀၀ ကျော်ကြားပေါက်ဈေးရှိတယ်။ ပင်လုံလမ်းမကြီးကတော့ ပေ၄၀-၆၀ ကို သိန်း ၈၀၀၀ လောက်အထိ ပေါက်ဈေးရှိပါတယ်’’ ဟု ပြောသည်။

လတ်တလောတွင် ကျပ်သိန်း ၁၀၀၀ အောက်မြေကွက်များမှာ ချက်ချင်းအရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။ (Xinhua)

 

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117