Connect with us

Business

သီလဝါရှိ ဆူဇူကီးစက်ရုံ ပစ္စည်းတင်သွင်းရသည့်အခက်အခဲများကြောင့် လတ်တလောတွင် ကားထုတ်လုပ်မှု ယာယီရပ်ဆိုင်းထားရ

ရန်ကုန်မြို့လယ်တွင် သွားလာနေကြသည့် မော်တော်ကားများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)

သီလဝါရှိ ဆူဇူကီးစက်ရုံ ပိတ်သိမ်းခြင်းမရှိသေးဘဲ ယာဉ်အပိုပစ္စည်းတင်သွင်းရသည့်အခက်အခဲများကြောင့် လတ်တလောတွင် ကားထုတ်လုပ်မှု ယာယီရပ်ဆိုင်းထားရခြင်းဖြစ်ပြီး ပစ္စည်းများ တင်သွင်းခြင်း အဆင်ပြေသွားပါက စက်ရုံ ပြန်လည်လည်ပတ်မည်ဖြစ်ကြောင်း SUZUKI (MYANMAR) MOTOR CO.,Ltd မှ Managing Officer ဦးမျိုးမင်းထွန်းက ဆင်ဟွာသို့ ယနေ့ ဇူလိုင် ၈ ရက်တွင် အတည်ပြုပြောကြားသည်။

“ကောလာဟလပြောနေကြသလို ဆူဇူကီးစက်ရုံ ပိတ်သိမ်းတယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ တစ်စီး၊ နှစ်စီး ထုတ်တာ မျိုးကလည်း ဒီလကုန်ရင် မရှိတော့ဘူးဗျ။ ဆူဇူကီးက သုံးစွဲသူတွေ အတွက် ကျွန်တော်တို့ဘက်က ဆူဇူကီးကားတွေ ပြန်လည်ထုတ်လုပ်နိုင်ဖို့ အစွမ်းကုန် ကြိုးစားနေပါတယ်’’ ဟုပြောသည်။

မြန်မာနိုင်ငံအတွင်း တပ်ဆင်ထုတ်လုပ်လျက်ရှိသည့် နိုင်ငံတကာ ကားကုမ္ပဏီများသည် ပြည်ပမှ ယာဉ်အပိုပစ္စည်းများ တင်သွင်းခွင့်မရတော့သည့်အတွက် ၂၀၂၂ ခုနှစ် ဇူလိုင်လထဲတွင် ၎င်းတို့၏ ထုတ်လုပ်ရေးလုပ်ငန်း အားလုံးနီးပါးကို ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ မော်တော် ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ဆင်ဟွာသို့ ပြောကြားသည်။

“ဂျပန်ကားစက်ရုံတွေ ပိတ်သိမ်းတယ်ဆိုတာ တရားဝင်ပိတ်သိမ်းတာမျိုးမဟုတ်ပါဘူး။ ကားစက်ရုံတွေ အကုန်လုံးကတော့ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ကစပြီး ဘယ်စက်ရုံမှ မလည်ပတ်နိုင်ပါဘူး။ ကားထုတ်လုပ်ဖို့ ပစ္စည်းသွင်းတဲ့ import လိုင်စင် မရလို့ စက်ရုံတွေက ယာယီပိတ်ရတာပါ။ လုပ်ငန်းလုံးဝပိတ်ပြီးပြန်သွားတာမဟုတ်ပါဘူး။ import လိုင်စင်ရရင်တော့ ပြန်ပြီး လည်ပတ်ကြမှာပါ။ လက်ရှိတော့ ကားနဲ့ပတ်သက်ပြီးပေါ်လစီတစ်ခုဆွဲနေတယ်လို့ကြားတယ်။ မကြာမီ ဒီပေါ်လစီကို ထုတ်ပြန်ပြီး တစ်ခုခုဆောင်ရွက်ပေးမယ်လို့ကြားပါတယ်။ လတ်တလောမှာတော့ ကားဈေးတွေ တက်နေပါတယ်။’’ ဟု ဒေါက်တာစိုးထွန်းကပြောသည်။

ရန်ကုန်၊ သီလဝါဆိပ်ကမ်း၌ တပ်ဆင်ထုတ်လုပ်နေသည့် ဂျပန် SUZUKI ကားကုမ္ပဏီဟာ ယာဉ်အပိုပစ္စည်းတွေ တင်သွင်းခွင့်မရတာကြောင့် ၎င်းတို့၏ ကားထုတ်လုပ်ရေးကို သည်ရက်ပိုင်းအတွင်း ရပ်လိုက်ရခြင်း ဖြစ်ပြီး SUZUKI ကဲ့သို့ ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်နေသော ကားကုမ္ပဏီများလည်း အလားတူ အခက်အခဲမျိုး ရင်ဆိုင်နေရကြောင်း သိရသည်။

ဒေါက်တာစိုးထွန်းက “လက်ရှိတော့ ကားနဲ့ပတ်သက်ပြီးပေါ်လစီတစ်ခုဆွဲနေတယ်လို့ကြားတော့ ဒီပေါ်လစီ ကို ထုတ်ပြန်ပြီးရင်တော့ အဆင်ပြေသွားမယ်လို့ မျှော်လင့်ရပါတယ်’’ ဟု ပြောသည်။လတ်တလောတွင် ပြည်တွင်းကားပွဲစားတန်းနှင့် ကားအဟောင်း ဈေးကွက်တွင် ကားဈေးများ မြင့်တက်သွားကြောင်း သိရသည်။မော်တော်ယာဉ်ဝယ်ရောင်းတစ်ဦးဖြစ်သူ ဦးထွန်းခိုင် က “ဟာရီရာတို့ ၊ ကလူဂါ တို့ဆိုလည်း ဈေးတွေက အရမ်းတက်သွားတယ်။ ၂၀၀၁ ကလူဂါကားတောင် ၃၅၇ သိန်း လောက်ပေါက်ဈေးရှိနေပြီ။ စီးတဲ့ ပိုင်ရှင် ကပြန်ရောင်းတဲ့ စီးပြီးသား Suzuki Ciaz ၂၀၂၀ မော်ဒယ်ဆိုရင် သိန်း ၅၀၀ ကျော်နဲ့ အရောင်းအဝယ်ဖြစ်နေတယ်။ Suzuki Ertiga Type 4 တွေဆိုရင် သိန်း ၅၀၀ ကျော်နဲ့ အရောင်းအဝယ်ဖြစ်နေတယ်။ ကားထုတ်တဲ့ ကုမ္ပဏီ တွေက ကားတွေ ပုံမှန် ထွက်နိုင်ရင်တော့ ကားဈေးတွေ ပြန်ကျမယ်လို့ထင်ပါတယ်’’ ဟုဆင်ဟွာသို့ ပြောသည်။ (Xinhua)

 

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117