Connect with us

Media

မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ခြင်္သေ့၊နဂါး အကအလှတို့ဖြင့် နွေဦးပွဲတော်ကို ပျော်ရွှင်စွာ ကျင်းပ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ)

တရုတ်ပြက္ခဒိန်၏နှစ်သစ်ကူးကို ရောက်လာသည်နှင့်အမျှ ရန်ကုန်မြို့ရှိ တရုတ်နွယ်ဖွားများကလည်း တရုတ်နှစ်သစ်ကူးနွေဦးပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွှဲကြသည်။ ရန်ကုန်မြို့ရှိ တရုတ်ဘုရားကျောင်းများတွင် ဆီမီး၊ အမွှေးတိုင် ပူဇော်သူများဖြင့် စည်ကားလျက်ရှိသည်။ ထို့အပြင် ရန်ကုန်မြို့ရှိ တရုတ်တန်းအပါအဝင် ကုန်တိုက်ကြီးများတွင်လည်း တရုတ်ရိုးရာ နဂါးအက၊ ခြင်္သေ့အက ကပြဖျော်ဖြေခြင်း၊ လမ်းမများတွင် ခြင်္သေ့၊ နဂါးအကများတို့ဖြင့် နှစ်သစ်ကူးကောင်းချီးမင်္ဂလာ ဂါဝရပြုခြင်း၊ ကလေးသူငယ်များဖြင့် ရိုးရာသိုင်းကစား ပြသခြင်း စသည့်အစီအစဉ်များစွာဖြင့် နွေဦးပွဲတော်ကို ပျော်ရွှင်စွာ ကျင်းပလျက်ရှိသည်။ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်သည် တရုတ်ရိုးရာနှစ်သစ်ကူးဖြစ်ပြီး တရုတ်ပြက္ခဒိန်နှစ်သစ်၏ ပထမနေ့ကို “၁ လပိုင်း လဆန်း ၁ ရက်” လို့လည်းခေါ်ကြပါသည်။ ၁ လပိုင်း လဆန်း ၁ ရက်နှင့် နှစ်သစ်ကူးအကြိုနေ့သည် တရုတ်နှစ်သစ်ကူးကာလအတွင်း အရေးပါဆုံး အချိန်နှစ်ခု ဖြစ်သည်။ လူများသည် များသောအားဖြင့် ၁ လပိုင်း ၁ ရက်နေ့တွင် လူကြီးသူမများ၊ ဆွေမျိုး မိတ်ဆွေများထံ သွားရောက်တွေ့ဆုံပြီး နှစ်သစ်ဆုမွန်ကောင်းများနှင့် နှုတ်ခွန်းဆက် စကားများ ပေးပို့ကြလေ့ ရှိကြောင်း သိရသည်။ နွေဦးနှစ်သစ်ကူးတွင် မိသားစုများက အနီရောင် ဝတ်စုံများ ဝတ်ဆင်ကာ နှစ်သစ်ကူးအခါသမယကို ပါဝင်ဆင်နွှဲလေ့ရှိကြသည်။ ထို့အပြင် မိသားစုနှင့်အတူ ပျော်ရွှင်ချမ်းမြေ့ပါစေကြောင်း၊ ကျန်းမာ ရွှင်လန်း ပါစေကြောင်း၊ အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်ပါစေကြောင်း” ဆုတောင်းစကားများ အပြန်အလှန်ပေးပို့ကြလေ့ရှိသည်။ (Xinhua)