Connect with us

Media

မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီးအတွင်း ငွေကျပ် ၁ ဒသမ ၃၆ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းမိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီးအတွင်း ငွေကျပ် ၁ ဒသမ ၃၆ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းမိရမိခဲ့ကြောင်း CCDAC MYANMARမှ ထုတ်ပြန်သော သတင်းအရ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ယင်းမာပင်ကျေးရွာမှ ပျော်ဘွယ်မြို့နယ်၊ တောင်ဂွကျေးရွာသို့သွားသည့် တောင်ကြားလမ်း၊ ကျွဲကျကျေးရွာချောင်းအနီး၌ သတင်းအရစောင့်ဆိုင်းနေစဉ် ညနေ ၆ နာရီအချိန်၌ သံသယရှိသူများက မော်တော်ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာ၍ ရှာဖွေရာ ဆာလာအိတ် ၁၅ အိတ်အတွင်းမှ ဆပ်ပြာခွက် ၃၃၀၀ ခွက်ဖြင့်ထည့်လျက် ဘိန်းဖြူအလေးချိန် ၃၃ ကီလို ဂရမ်သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ကွင်းဆက်အရ ဘိန်းဖြူများသယ်ဆောင်ခိုင်းသူ နှင့် ပူးပေါင်းပါဝင်သူတို့အား ယင်းနေ့ ည ၈ နာရီအချိန် သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာတွင် မော်တော်ဆိုင်ကယ် ၁ စီးနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း၊ အဆိုပါ ဖမ်းဆီးရမိသူများစစ်ဆေးဖော်ထုတ်ချက်အရ ည ၈ နာရီခွဲအချိန် သာစည်မြို့နယ်၊ ယင်းမာပင် ကျေးရွာ၊ မြို့မကွက်သစ်ရပ် နေအိမ်မှ ဆပ်ပြာခွက် ၂၁၇၈ ခွက်ဖြင့်ထည့်လျက် ဘိန်းဖြူအလေးချိန် ၂၁ ဒသမ ၇၈ ကီလိုဂရမ်အား ထပ်မံဖော်ထုတ်သိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၃၆၉၅ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ၅၄ ဒသမ ၇၈ ကီလိုဂရမ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဆက်လက်ဖော်ထုတ်ချက်အရ ဖေဖော်ဝါရီလ ၅ ရက်နေ့၊ မွန်းလွဲ ၂ နာရီအချိန် ဘိန်းဖြူများသယ်ဆောင်ခဲ့သည့် ၂၂ ဘီးတွဲယာဉ် မောင်းနှင်သူ အား တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တွင် ၎င်းယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ ဘိန်းဖြူများအား ရှမ်းပြည်နယ်မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။(Xinhua)