Connect with us

Videos

စက္ခုအလင်းဒါန “အလင်းရောင်ခရီးစဉ်”လှုပ်ရှားမှုတွင် မျက်စိအတွင်းတိမ်ဝေဒနာရှင် ၂၀၀ ဦး အား အခမဲ့ခွဲစိတ်ကုသပေးမည်

ရန်ကုန် ၊ အောက်တိုဘာ ၂၆ ရက်(ဆင်ဟွာ)

“တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် မျက်စိ အတွင်းတိမ် ကုသရေးအဖွဲ့” နှင့် “ဝိသာခါဖောင်ဒေးရှင်း”တို့ မှ ပူးပေါင်းကျင်းပသည့် စက္ခုအလင်းဒါန “အလင်းရောင်ခရီးစဉ်” ဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာ ၂၅ရက်က ရန်ကုန်မြို့ သီတဂူ ရွှေပြည်ဟိန်း စက္ခုဒါန ကုသိုလ်ဖြစ် ဆေးရုံကြီးတွင် ကျင်းပခဲ့သည်။

ယခုတစ်ကြိမ် “အလင်းရောင်ခရီးစဉ်”လှုပ်ရှားမှုတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်း ဆေးတက္ကသိုလ် အမှတ်(၁)တွဲဖက်ဆေးရုံကြီးမှ ဆရာဝန်ကြီးများက မျက်စိအတွင်းတိမ်လူနာ ပေါင်း ၂၀၀ဦး အား အခမဲ့အလင်းဒါနပြုခွဲစိတ်ကုသပေးမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ဆေးကောင်စီ ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ S.ကျော်လှက “အလင်းရောင်ခရီးစဉ်” စက္ခုအလင်းဒါန လှုပ်ရှားမှုသည် နိုင်ငံနှင့်လူ့အဖွဲ့အစည်းအတွက် အကျိုးပြုသည့်ဆောင်ရွက်မှုဖြစ်ပြီး နောင်အခါတွင် လည်း ယခုကဲ့သို့ အလင်းအလှူဒါနများ ပို၍ဆောင်ရွက်သွားနိုင်ရန် မျှော်လင့်မိကြောင်း ပြောကြားခဲ့ပါ သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ သံအမတ်ကြီး၏ဇနီး Wang Xue Hongက “အလင်းရောင်ခရီးစဉ်” လှုပ်ရှားမှုတွင် ပံ့ပိုးဆောင်ရွက်ကြသည့်အဖွဲ့များနှင့်ဆရာဝန်ကြီးများအား အထူးကျေးဇူးတင်ရှိကြောင်း၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၏စက္ခုအလင်းဒါန “အလင်းရောင်ခရီးစဉ်”လှုပ်ရှားမှု သည် ၂၀၁၃မှစ၍ ယနေ့အထိ မြန်မာနိုင်ငံ နေရာဒေသအသီးသီးမှ မျက်စိအတွင်းတိမ်ဝေဒနာရှင်ပေါင်း ၂၂၀၀ ကျော်ကို အလင်းရောင်ပြန်လည်ရရှိအောင် ကူညီကုသ ပေးခဲ့ကြောင်း ၊၎င်းမှာ တရုတ်နိုင်ငံ ပြည်သူ့အကျိုးပြု လုပ်ငန်း၏ အရေးပါသည့်အစိတ်အပိုင်း ဖြစ်ကြောင်း၊ တရုတ်-မြန်မာ နှစ်နိုင်ငံ အရပ်ဖက် ပြည်သူ့ အကျိုးပြုလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုများ ပိုမို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဝိသာခါ ဖောင်ဒေးရှင်းမှ ဦးဆောင် နာယက ပါမောက္ခ ဒေါက်တာ ဝင်းမင်းသစ်က ဝိသာခါဖောင်ဒေးရှင်းမှ တရုတ်နိုင်ငံ၏ “အလင်းရောင်ခရီးစဉ်”လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ဆောင်ရွက် ခြင်းများကို လည်းကောင်း ၊ တရုတ်နိုင်ငံ ယူနန် လူမှုရေးအဖွဲ့အစည်း နိုင်ငံတကာ ကူးလူးဖလှယ်မှုမြှင့်တင်ရေး အသင်းမှ အထွေထွေအတွင်းရေးမှူးနှင့် ဆေးကုသရေး အဖွဲ့ခေါင်းဆောင် Mr.Peng Shao Yunက အခမဲ့ခွဲစိတ်ကုသရခြင်းနှင့်ပတ်သက်၍ လည်းကောင်း အသီးသီး ရှင်းလင်းတင်ပြခဲ့ပါသည်။

ထို့နောက် တရုတ်နိုင်ငံ ယူနန် လူမှုရေးအဖွဲ့အစည်း နိုင်ငံတကာ ကူးလူးဖလှယ်မှုမြှင့်တင်ရေး အသင်းနှင့် နိုင်ငံတကာ ကူးလူးဆက်ဆံမှု ချစ်ကြည်ရေး ဖောင်ဒေးရှင်းတို့မှ သီတဂူရွှေပြည်ဟိန်း စက္ခုဒါနဆေးရုံသို့ မျက်စိခွဲစိတ်ရေးပစ္စည်းကိရိယာများနှင့်ဝေဒနာရှင်များအတွက် စစ်ဆေးမှု ထောက်ပံ့ကြေးငွေ အပါအဝင် စုစုပေါင်း လှူဒါန်းငွေကျပ် သိန်း (၅၃၀)အား ပေးအပ်လှူဒါန်းခဲ့ရာ သီတဂူရွှေပြည်ဟိန်းစက္ခုဒါန ဆေးရုံ၏ ဦးဆောင်ဆရာတော် အရှင်ခေမာသီရိလင်္ကာရမှ ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်ပြီး ကျေးဇူးစကားပြန်လည်မိန့်ကြားခဲ့သည်။

ဆရာတော် အရှင်ခေမာသီရိလင်္ကာရက စက္ခုအလင်းဒါနသည် မွန်မြတ်လှသည့်အလှူဒါနဖြစ်ကြောင်း ၊ အိမ်နီးချင်းပေါက်ဖော်နိုင်ငံဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အထူးသဖြင့် ယူနန်ပြည်နယ်က မျက်စိအတွင်းတိမ်ကုသရေးအဖွဲ့နှင့် ဝိသာခါဖောင်ဒေးရှင်းတို့ပူးပေါင်း၍ သီတဂူဆရာတော်ကြီး ဖွင့်လှစ်ထားသည့် ဆေးရုံများတွင် အလင်းဒါနပြုကြရာ သီတဂူရွှေပြည်ဟိန်းဆေးရုံတွင်ပင် ယခုဆိုလျှင် ၇ကြိမ်ရှိပြီဖြစ်ကြောင်း၊ ယခုလို အလင်းဒါနပြုရာမှာ လုပ်အားတင်မက လိုအပ်သည့်ပစ္စည်းများနှင့် အခြားငွေကြေးထောက်ပံ့မှုများကိုပါ တစ်တပ်တစ်အားပါဝင်ပံ့ပိုးလှူဒါန်းပေးသည့်အတွက် အတိုင်းမသိဝမ်းမြောက်ကြောင်းနှင့်ကျေးဇူးတင်ရှိကြောင်း ပြန်လည်မိန့်ကြားခဲ့ပါသည်။

ယခုကျင်းပပြုလုပ်သော “အလင်းရောင်ခရီးစဉ်” လှုပ်ရှားမှုကို တရုတ်နိုင်ငံ ယူနန် လူမှုရေးအဖွဲ့အစည်း နိုင်ငံတကာ ကူးလူးဖလှယ်မှုမြှင့်တင်ရေး အသင်း၊ ယူနန် လူမှုရေးအဖွဲ့အစည်း နိုင်ငံတကာ ကူးလူးဆက်ဆံမှု ချစ်ကြည်ရေးဖောင်ဒေးရှင်း၊ ဝိသာခါ ဖောင်ဒေးရှင်း နှင့် သီတဂူ ရွှေပြည်ဟိန်း စက္ခုဒါန ကုသိုလ်ဖြစ် ဆေးရုံကြီး တို့က ဦးစီး ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီးတရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်း ဆေးတက္ကသိုလ် အမှတ်(၁)တွဲဖက်ဆေးရုံကြီးမှ တာဝန်ယူဆောင်ရွက်ပေး သည့် အစီအစဉ်ဖြစ်ပြီး မျက်စိအတွင်းတိမ်ဝေဒနာရှင် ၂၀၀ ဦးအား အောက်တိုဘာ ၂၄ ရက်နေ့မှ အောက်တိုဘာ ၃၀ ရက်နေ့အထိ ခွဲစိတ်ကုသပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.