Connect with us

Videos

တရုတ်နိုင်ငံတွင် အခမဲ့ အောင်မြင်စွာ ခွဲစိတ်ခံရသည့် မြန်မာ မွေးရာပါ နှလုံးရောဂါ ဝေဒနာသည် ကလေးငယ် က တရုတ် သမ္မတ ထံသို့ ကျေးဇူးတင်စာလွှာပေးပို့

ရန်ကုန် ၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ပေကျင်းမြို့ တွင် အခမဲ့ ခွဲစိတ်ကုသမှု များ ခံယူခဲ့သည့် မြန်မာမွေးရာပါ နှလုံးရောဂါ ဝေဒနာရှင် ကလေးငယ်များထဲ မှ အသက် ၁၁ နှစ် အရွယ် ဒလ မြို့ နေ မဝတ်ရည်ထွန်း က တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ထံသို့ ကျေးဇူးတင်ကြောင်း စာရေးသား ပေးပို့ ခဲ့သည်။

မဝတ်ရည်ထွန်း က တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ထံသို့ ရေးသားပေးပို့ခဲ့သည့် စာတွင် မိမိအနေဖြင့် တစ်နှစ်အရွယ် မှ စတင်၍ ဆေးဝါးကုသမှု ဆောင်ရွက်ခဲ့ရကာ မိသားစု မှလည်း ငွေကြေး အများအပြား ကုန်ကျပြီး ပင်ပန်းခဲ့ရကြောင်း ၊ သို့သော် တရုတ်ပရဟိတ အသင်း က တရုတ် နိုင်ငံ တွင် အခမဲ့ ခွဲစိတ်ကုသမှု ဆောင်ရွက်ပေးခဲ့သည့် အတွက် အလွန်ကံကောင်းခဲ့ပြီး မိသားစု အနေဖြင့်လည်း လွန်စွာ ဝမ်းသာရခဲ့ကြောင်း ၊ တရုတ် နိုင်ငံ တွင် မေလ ၁၀ ရက်နေ့ က ခွဲစိတ်ကုသမှု ဆောင်ရွက် ခဲ့ပြီး လက်ရှိချိန်တွင် ကျန်းမာရေးကောင်းမွန်သွားပြီးဖြစ်ကြောင်း ၊ ထိုသို့ ခွဲစိတ်ရန် ရောက်ရှိနေစဉ် အတွင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မှ လာရောက်ကြည့်ရှုအားပေး ခဲ့သဖြင့် လွန်စွာ ဝမ်းသာမိခဲ့ကြောင်း ၊ တရုတ်နိုင်ငံ က ပရဟိတ အသင်း အဖွဲ့ဝင်များ ၊ ဆရာဝန်များ နှင့် တရုတ်နိုင်ငံ သမ္မတ တို့အား အလွန်ကျေးဇူးတင်ကြောင်း ရေးသား ပေးပို့ ခဲ့သည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး မှ သံမှူးကြီး ချန်းချန် ကလည်း တရုတ် နိုင်ငံ တွင် အောင်မြင်စွာ ခွဲစိတ်ကုသပေး ခဲ့သည့် သမီးငယ် မဝတ်ရည်ထွန်း နေထိုင်ရာ ဒလမြို့ ရှိ နေအိမ် သို့ ဇူလိုင် ၁၁ ရက်နေ့ နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုမေးမြန်း ခဲ့ပြီး ခွဲစိတ်ကုသမှု ပြုလုပ် ခဲ့ချိန်တွင် အဆင်ပြေမှု ရှိမရှိ နှင့် လိုအပ်ချက်များ ရှိပါက ဆက်သွယ်ပြောကြားရန် သွားရောက် အားပေး ခဲ့သည်။

မဝတ်ရည်ထွန်း က ဆင်ဟွာ သတင်းဌာန ၏ မေးမြန်းမှု ကို ပြန်လည် ဖြေကြားရာတွင် ယခုလိုခွဲစိတ် လိုက်ပြီးနောက်တွင် သွားလိုသည့် နေရာများကို သွားရောက်နိုင်ခဲ့သည့် အတွက် တရုတ် နိုင်ငံ နှင့် မြန်မာ နိုင်ငံ မှ သက်ဆိုင်ရာ အသီးသီး ကို ကျေးဇူး တင်ရှိကြောင်း ၊ တရုတ် နိုင်ငံ တွင် အဆင်ပြေစွာ ဆေးဝါး ကုသမှု ခံယူခဲ့ရပြီး လက်ရှိချိန်တွင် လုံးဝကောင်းမွန်သွားပြီ ဖြစ်သောကြောင့် ကြီးပြင်းလာသည့် အချိန်တွင် တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေး အတွက် ဆောင်ရွက်ပေးသွား လိုကြောင်း ၊ မိမိ အနေဖြင့် တရုတ်ဘာသာ စကား ကို သင်ယူသွားမည် ဖြစ်ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေး ကို တိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

တရုတ် အမျိုးသားကုသိုလ်ဖြစ် အဖွဲ့ချုပ် (China Charity Federation) မှ ဦးစီးကာ တရုတ် အမျိုးသား ကုသိုလ်ဖြစ် အဖွဲ့ချုပ် စာနယ်ဇင်းလောကကုသိုလ်ဖြစ် လုပ်ငန်းဖွံ့ဖြိုးရေးအသင်း မှ တွဲဖက်ဆောင်ရွက်ခဲ့သည့် မြန်မာမွေးရာပါ နှလုံးရောဂါ ဝေဒနာရှင် ကလေးငယ် ၅၄ ဦး ကို တရုတ် နိုင်ငံသို့ အခမဲ့ ခွဲစိတ်ကုသရန် ပို့ဆောင်ပေးသည့် ကူညီဆောင်ရွက်မှု အစီအစဉ် ကို မတ်လ ပိုင်းတွင် စတင် အကောင်အထည် ဖော်ခဲ့ခြင်း ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.