Connect with us

Videos

ရွေးကောက်ပွဲ ကျင်းပရန် နီးကပ်လာသည်နှင့် အမျှ ပါတီကြီးများ မဲဆွယ်မှု မြင့်တက်လာ

ရန်ကုန်၊ နိုဝင်ဘာလ (၂) ရက် (ဆင်ဟွာ)

နိုဝင်ဘာလ(၈) ရက်နေ့ တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျင်းပမည့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ နီးကပ်လာချိန် နှင့် အမျှ နိုင်ငံရေး ပါတီကြီးများ၏ နေရာအန့ှံ၌ အပြိုင်အဆိုင် မဲဆွယ် စည်းရုံး ဟောပြော လှုပ်ရှားမှုများ သည်လည်း အရှိန်အဟုန် ပိုမို မြင့်တက်လာခဲ့သည်ကို တွေ့ရှိရသည်။

နိုဝင်ဘာလ(၂) ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ကျင်းပခဲ့သော ရွေးကောက်ပွဲ အောင်နိုင်ရေး ဟောပြောပွဲတွင် NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲသည် နိုင်ငံ၏ အပြောင်းအလဲကို ဖော်ဆောင်ရန် ကြီးမားသည့် အခွင့်အရေး ဖြစ်ကြောင်း၊ ထိုအခွင့်အရေးကို မိမိရရ အသုံးပြုရန်မှာ နိုင်ငံသူ၊ နိုင်ငံသား အားလုံး၏ တာဝန် ဖြစ်ကြောင်း၊ ရန်ကုန် ပြည်သူများ၏ ထောက်ခံမှု သည် တစ်နိုင်ငံလုံး၏ ထောက်ခံမှုကို ရောင်ပြန်ဟပ်ပြီး ပြည်သူများ၏ အင်အားသည် NLD ၏ အင်အား ဖြစ်ကြောင်းစသဖြင့် ပြောကြားခဲ့သည်။ ၎င်း ဟောပြောပွဲကို ရန်ကုန်မြို့ သုဝဏ္ဏ မြို့ဦး စေတီတွင် ကျင်းပ ခဲ့ပြီး လူဦးရေ သိန်းနှင့်ချီ တက်ရောက် ခဲ့သည်။

အလားတူ နိုဝင်ဘာလ (၁) ရက်နေ့ကလည်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ နေပြည်တော် ကောင်စီ နယ်မြေ ဒက္ခိဏသီရိ မြို့နယ်လုံးကျွတ် ပါတီဝင်များ စုံညီစုပေါင်း စည်းရုံးပွဲ ခေါင်းစဉ်ဖြင့် ပြည်ခိုင်ဖြိုးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးမြင့်လှိုင်က ပြည်ခိုင်ဖြိုးပါတီ၏ ဖွံ့ဖြိုးတိုးတတ်ရေး ဆောင်ရွက်ချက်များကို ထည့်သွင်းပြောကြားခဲ့ပြီး ပြည်သူ့ အင်အားသည် အလွန် အရေးကြီးသော လိုအပ်ချက် ဖြစ် ကြောင်း၊ မဲဆန္ဒရှင်များကို ကတိပြုချက် ၇ ချက် ပေး၍ အကောင်အထည်ဆောင်ရွက် သွားမည်ဟု ကတိပြုပြောကြားခဲ့သည့် အပြင် ယင်းကတိပြုချက် ၇ ချက်ကို နှစ်နှစ်အတွင်း အကောင် အထည် ဖော် ဆောင်ရွက် ပေးသွားမည်ဟုမဲဆွယ် စည်းရုံး ဟောပြောမှုများ ပြုလုပ်ခဲ့ပြီး ထိုစည်းရုံးပွဲ ၌ ပါတီဝင်များနှင့် ဒေသခံပြည်သူ များ တက်ရောက် ခဲ့သည်ဟု ဆိုသည်။
အောက်တိုဘာလ (၃၁) ရက်နေ့ ကလည်း ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းသည် ဖြူးမြို့နယ် ကညွတ်ကွင်းတွင် မဲဆန္ဒရှင် ပြည်သူများ နှင့် တွေ့ဆုံစဉ် ယခုကျင်းပမည့် ရွေးကောက်ပွဲသည် ပြိုင်ဆိုင်မှု ပြင်းထန်သလို၊ ခက်ခဲမှု၊ သိမ်မွေ့မှုများ ရှိသည့် အတွက် ပါတီချင်း ရန်ဘက်လုပ် ဆောင်ရွက်မှုများ မပြုလုပ်ရန် ပြောကြားခဲ့သည်။
နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် လောင်းများ သည် တစ်နိုင်ငံလုံး အန့ှံ သက်ဆိုင်ရာ မဲဆန္ဒနယ်မြေအလိုက် ရွေးကောက်ပွဲ စည်းရုံးခြင်း (Election Campaign) ကို စက်တင်ဘာလ ၈ ရက်မှ စတင်၍ နိုဝင်ဘာ ၆ ရက်အထိ ရက်ပေါင်း ၆ဝ ပြုလုပ်ရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ အချိန်သတ်မှတ် ပေးထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.