Connect with us

Business

၂ ရက်ကြာယာယီပိတ်ထားသော တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေး ကျင်စန်းကျော့ဂိတ် ကို မတ် ၄ ရက်တွင်ပြန်လည်ဖွင့်လှစ်မည်

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းအားတွေ့ရစဉ် (ဓာတ်ပုံ-- စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန)

ရန်ကုန်၊ မတ် ၃ ရက် (ဆင်ဟွာ)

၂ ရက်ကြာယာယီပိတ်ထားသော တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေး ကျင်စန်းကျော့ဂိတ် ကို မတ်လ ၄ ရက် မြန်မာစံတော်ချိန် နံနက်၆း၃၀ နာရီ တွင် ပြန်လည်ဖွင့်လှစ်သွားရန် တရုတ်နိုင်ငံဘက်မှ အကြောင်းကြားထားကြောင်း မူဆယ်ကုန်စည်ဒိုင်အသင်းဥက္ကဋ္ဌ ဦးမင်းသိန်းက ဆင်ဟွာသို့ ယနေ့ မတ် ၃ ရက်တွင်ပြောသည်။

“တရုတ်နိုင်ငံဘက်အခြမ်းက ယာဉ်မောင်းတစ်ဦးမှာ COVID-19 ပိုးစိစစ်တွေ့ရှိခဲ့တယ်။ ဒါကြောင့် ယာယီ ၂ ရက်ပိတ်တယ်။ မတ်လ ၂ ရက် မှရွှေလီမြို့ကို ယာယီ lockdown ချလိုက်ပါတယ်။ အဲဒါကြောင့် နယ်စပ်ဂိတ်ကို ယာယီ ၂ ရက်ပိတ်ရတာပါ’’ ဟု ဦးမင်းသိန်းက ပြောကြားသည်။

COVID-19 ရောဂါမဖြစ်ပွားမီကာလက ဖရဲသီး ၊ သခွါး သီးများတင်ဆောင်သော ကုန်တင်ယာဉ်များ တရုတ်နိုင်ငံဘက်သို့ နေ့ စဉ် အစီး ၃၀၀ခန့် ထွက်ရှိပြီး တရုတ်နိုင်ငံ ဘက်က ပြန်လည်ဝင်သောကားအရေအတွက် မှာလည်း အစီး ၃၀၀ ခန့် ရှိကြောင်း သိရသည်။

“အခုကလက်ရှိမှာတော့ နေ့စဉ် အစီး ၁၈၀ နဲ့ ၂၀၀ လောက်က တရုတ်နိုင်ငံဘက်ကိုထွက်တယ်။ တရုတ်နိုင်ငံဘက်က ကုန်ပစ္စည်းတွေတင်ထားတဲ့ ကုန်တင်ယာဉ် တွေကလည်း အစီး ၁၈၀ နဲ့ ၂၀၀ လောက်ပြန်ဝင်နေပါတယ်’’ဟု ဦးမင်းသိန်း ကဆိုသည်။

ကျင်စန်းကျော့ဂိတ်မှ တရုတ်နိုင်ငံဘက်သို့ ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံနှင့် အသီးအနှံများ တင်ပို့လျက်ရှိပြီး တရုတ်ဘက်ခြမ်းမှ ဆောက်လုပ်ရေးလုပ်ငန်းသုံး၊ လျှပ်စစ်ပစ္စည်း၊ အိမ်သုံးပစ္စည်း စက်မှုလုပ်ငန်းသုံးပစ္စည်းနှင့် စိုက်ပျိုးရေးသုံးပစ္စည်းများ ပြန်လည်ဝင်ရောက်လာကြောင်း ဦးမင်းသိန်းကဆိုသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးမျိုးသူက “လက်ရှိတရုတ်မြန်မာကုန်သွယ်ရေးမှာနယ်စပ်က အေးပေမယ့် ပုံမှန်ကုန်သွယ်ရေး ကနေ တင်ပို့မှုတွေ ပိုများလာတယ်။ ရောဂါအခြေအနေ တည်ငြိမ်ပြီး နယ်စပ်ဂိတ်တွေ ပုံမှန် ပြန်ပြီး လည်ပတ်လာရင် အခုထက်ပိုပြီး နယ်စပ်ကုန်သွယ်ရေး အားကောင်းနိုင်တယ်လို့မြင်ပါတယ်’’ ဟု ဆင်ဟွာသို့ ယနေ့ မတ် ၃ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua)