Connect with us

Local

ကြက်သွန်ဖြူများ ပြည်ပဈေးကွက်သို့ ပိုမိုတင်ပို့နိုင်ရန်နှင့် ဈေးကောင်းပိုမိုရရှိစေရန် ကြက်သွန်ဖြူဆိုင်ရာစံချိန်စံညွှန်းမူကြမ်းကို နိုင်ငံတကာစံနှုန်းအတိုင်း ရေးဆွဲမည်

ကြက်သွန်ဖြူများအားတွေ့ရစဉ် (ဓာတ်ပုံ--စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန)

ရန်ကုန်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)

ကြက်သွန်ဖြူများ ပြည်ပဈေးကွက်သို့ ပိုမိုတင်ပို့နိုင်ရန် နှင့် ပြည်ပဈေးကွက်တွင် ဈေးကောင်းပိုမိုရရှိစေရန် ကြက်သွန်ဖြူဆိုင်ရာစံချိန်စံညွှန်းမူကြမ်းကို နိုင်ငံတကာစံနှုန်းအတိုင်း ရေးဆွဲမည်ဖြစ်ကြောင်း စိုက်ပျိုးရေး အခြေခံထုတ်ကုန်စံညွှန်းရေးဆွဲရေးနည်းပညာဆပ်ကော်မတီမှ သိရသည်။

စိုက်ပျိုးရေး အခြေခံထုတ်ကုန် စံညွှန်းရေးဆွဲရေးနည်းပညာဆပ်ကော်မတီမှ အတွင်းရေးမှူး ဦးမြင့်ဝေက “မူကြမ်းရေးဆွဲတဲ့အခါ အကျိုးရလဒ်ကတော့ ကုန်သွယ်ရေးတွေ ဆောင်ရွက်တဲ့အခါမှာ ချောမွေ့စေမယ်။ အရည်အသွေးတို့ ကုန်သွယ်မှု သတ်မှတ်စည်းကမ်းတို့ ကို ပြုလုပ်လာနိုင်မှာဖြစ်ပါတယ်’’ ဟု ဆင်ဟွာသို့ စက်တင်ဘာ ၂၆ ရက်တွင် ပြောသည်။

လက်ရှိတွင် စံချိန်စံညွှန်း ဆိုင်ရာလုပ်ထုံးလုပ်နည်းများအား သတ်မှတ်ချက်နှင့်အညီ ပြင်ဆင်ခြင်း၊ ချမှတ်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် မြန်မာ့စံချိန်စံညွှန်းများကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ၏ သဘောထားမှတ်ချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြည်တွင်းတွင် ကြက်သွန်ဖြူအား ရှမ်းပြည်နယ်၌ အဓိက စိုက်ပျိုးကြောင်း၊ ပြည်ပသို့ တစ်နှစ်လျှင်ကြက်သွန်ဖြူတန်ချိန် ၃၀၀၀ ကျော်တင်ပို့နိုင်ကြောင်း သိရသည်။ ပြည်ပမှ ကြက်သွန်ဖြူအားတိုးမြှင့်ဝယ်ယူလိုသော်လည်း အရည်အသွေးပိုင်းဆိုင်ရာ အားနည်းချက်များကြောင့် မြန်မာနိုင်ငံနှင့် သင့်လျော်မည့် အာဆီယံစံချိန်စံညွှန်းအား ကိုးကားပြုစုထားသည့် မြန်မာ့စံချိန်စံညွှန်း (မူကြမ်း) ကို စံချိန်စံညွှန်းလုပ်ငန်းကော်မတီသို့ ဆက်လက်တင်ပြနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်းဆိုသည်။ 

လက်ရှိမြန်မာနိုင်ငံမှ တင်ပို့လျက်ရှိသော ဖရဲ၊ သခွား၊ ပဲမျိုးစုံ၊ ဆန်စသည်တို့ ကိုလည်း နိုင်ငံတကာမှ သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့် တင်ပို့လျက်ရှိကြောင်း၊အထူးသဖြင့်  နိုင်ငံတကာသို့ ဆန် အိတ်စပို့တင်ပို့ပါက မည်သည့်စံချိန်စံနှုန်းနှင့်အညီ စိုက်ပျိုးတင်ပို့သင့်ကြောင်းကို စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန မှ တောင်သူများအားပညာပေးမှုများ ဆောင်ရွက်လျက်ရှိကြောင်းဆိုသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.