Connect with us

Local

အိမ်ခြံမြေ အခွန်လျှော့ချ၊ သိန်း ၅,၀၀၀ အောက်တချိုု့ အရောင်းပြန်ရှိလာ

ရန်ကုန်မြို့ရှိ အဆောက်အဦးများ မြင်ကွင်း (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၈ ရက် (ဆင်ဟွာ)

အိမ်ခြံမြေ အခွန်နှုန်းများသည် ငွေဖြူ မပြနိုင်ခဲ့လျှင် ဝယ်သူဘက်မှ ၃၇ ရာခိုင်နှုန်း ပေးဆောင်ရမည့် အတွက် အရောင်းအဝယ် ဈေးကွက် သိသိသာသာ အေးစက် သွားပြီးနောက် အခွန်ဈေးနှုန်းကို လျှော့ချကြောင်း သမ္မတ လက်မှတ်ထိုးထားသည့် ကြေညာချက်တစ်ခု ထွက်လာသည့် အတွက် အရောင်းအဝယ် ပြန်သွက် လာနိုင်မလားဟု အိမ်ခြံမြေ အကျိုးဆောင်တချို့က ထင်ကြေးပေးသည်။

မဏ္ဍိုင်အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ မန်နေဂျင်း ဒါရိုက်တာ ဦးသန်းဦးက “ သမ္မတက လက်မှတ်ထိုးပြီး ထွက်လာတာပါ။ ဧပြီလ (၁) ရက်နေ့က စပြီး အရောင်းအဝယ် လုပ်တဲ့သူတွေက ဥပဒေနဲ့ အကျုံးဝင်မယ်ဆိုပြီး ကြေညာချက်ထဲမှာ ပါတယ်။ ဒီတော့ အရောင်းအဝယ် တွေကတော့ ပြန်ကောင်းနိုင်တဲ့ အနေအထားမှာ ရှိမယ်လို့မှန်းပါတယ်” ဟုပြောသည်။

အခွန် ဈေးနှုန်းတွေက ကျပ်သိန်း ၁,၀၀၀ တန် အိမ်၊ ခြံ၊ မြေ ဝယ်ခဲ့လျှင် အခွန် ၃ ရာခိုင်နှုန်း၊ ကျပ်သိန်း ၂,၀၀၀ မှ ကျပ်သိန်း ၅,၀၀၀ ကြား အရောင်းအဝယ် လုပ်လျှင် အခွန် ၅ ရာခိုင်နှုန်း၊ ကျပ်သိန်း ၅,၀၀၀ မှ ၁၀,၀၀၀ ကြား အရောင်းအဝယ် လုပ်လျှင် ၁၀ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁၀,၀၀၀ မှ ကျပ်သိန်း ၁၅,၀၀၀ ကြား အရောင်းအဝယ်လုပ်လျှင် အခွန် ၂၀ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁၅,၀၀၀ နှင့် အထက်ဆိုလျှင် အခွန် ၃၀ ရာခိုင်နှုန်း ပေးဆောင်ရမှာ ဖြစ်တယ်။

ရွှေစံမြတ် အထွေထွေအကျိုးဆောင်လုပ်ငန်းမှ မန်နေဂျင်း ဒါရိုက်တာ ဦးမျိုးချစ်က “ အခွန်က တော်တော်လျှော့ လိုက်တာပေါ့။ အရောင်းအဝယ်တွေ ပြန်တော့ ရှိလာမယ့်အနေအထားမှာ ရှိတယ်။ ဈေးက တက်ပြီး တော်တော်များများ ပြန်ကျထားတာ တန့်သွားမယ်။ ထပ်တော့ မကျနိုင်သလို ထပ်လည်း မတက်နိုင်သေးဘူး လို့တော့ ထင်ပါတယ်” ဟုပြောသည်။

အိမ်ခြံမြေ အခွန်နှုန်း မြင့်တက်မှုကြောင့် အရောင်းအဝယ် အေးသွားချိန်တွင် ကျပ်သိန်း ၄,၀၀၀ လောက်ခေါ်ခဲ့သည့် အိမ်နဲ့မြေတွေကို ကျပ်သိန်း ၂,၀၀၀ ကျော်လောက် အထိ လျှော့ချ ရောင်းရတာမျိုး အထိ ဖြစ်လာပေမယ့် အရောင်းအဝယ်ကတော့ အေးနေကြောင်း သိရသည်။

အိမ်ခြံမြေ ဝယ်ရောင်း လုပ်ကိုင်သူ ဦးချမ်းသာက “ဝယ်ရောင်းတချို့ကတော့ အခွန်ဈေးနှုန်း အပြောင်းမှာ ကိုင်ထားကြတယ်။ မရောင်းသေးဘူးပေါ့ သြင်္ကန်ကလည်း ရှိသေးတာကိုး။ သြင်္ကန်ပြီးရင် ဈေးပြန်လှုပ်မလားလို့ စောင့်ကြည့်နေတဲ့ အနေအထားပေါ့’’ ဟုပြောသည်။

ယခု ရက်ပိုင်းတွင် အရောင်းအဝယ် လုံးဝ ရပ်နေရာမှ ကျပ်သိန်း ၅,၀၀၀ အောက် အိမ်ခြံမြေအချိုး အနည်းငယ် အရောင်း ပြန်ရှိလာကြောင်း သိရတယ်။ အဆိုပါ အခွန်လျှော့ချသည့် ကြေညာချက်ကို ဧပြီလ (၄) ရက်နှင့် (၅) ရက်နေ့တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ (Xinhua )