Connect with us

Local

ကုန်စည် အရည်အသွေး၊ စံသတ်မှတ်ချက်များ ရှိရုံသာမက အပိုကုန်ကျမှုများကို အနိမ့်ဆုံးထိ လျှော့ချဖို့ လိုအပ်ဟု ဒု-သမ္မတ ပြော

ကုန်သွယ်မှုကဏ္ဍ ဖွံ့ ဖြိုး တိုးတက်ရေး အတွက် ဖွံ့ ဖြိုးမှု မိတ်ဖက် အဖွဲ့ အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်မှု အခြေအနေများ ရှင်းလင်းပွဲ အခမ်းအနား၌ ဒုတိယ သမ္မတ ဦးမြင့်ဆွေက အခမ်းအနား အဖွင့် မိန့် ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ စီးပွားတိုးတက်ရေးအတွက် ကုန်သွယ်မှု အခြေအနေများ ကောင်းမွန်လာစေရန် ကုန်စည်ဆိုင်ရာ အရည်အသွေးနှင့် စံချိန်စံညွှန်း သတ်မှတ်မှုများ လိုအပ်ရုံသာမက မလိုအပ်သည့် အပို ကုန်ကျမှုများကို အနိမ့်ဆုံး အထိ လျှော့ချပေးရန် အထူး လိုအပ်သည်ဟု နိုင်ငံတော် ဒုတိယ သမ္မတ ဦးမြင့်ဆွေက ပြောခဲ့သည်။

နေပြည်တော် Hilton Hotel တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ယနေ့နံနက်ပိုင်း ပြုလုပ်သည့် ကုန်သွယ်မှု ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဖွံ့ဖြိုးမှု မိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်မှု အခြေအနေများ ရှင်းလင်းပွဲ အခမ်းအနား၌ ဒုတိယ သမ္မတက အခမ်းအနား အဖွင့် မိန့်ခွန်းတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

“စီးပွားရေး တိုးတက်မှုနဲ့ကုန်သွယ်မှု အခြေအနေဟာ တိုက်ရိုက် ဆက်စပ်နေပါတယ်၊ ကုန်သွယ်မှု အခြေအနေ ကောင်းမွန်ဖို့ကုန်သွယ်ရေး မူဘောင်နဲ့ အင်စတီကျူးရှင်းတွေ၊ အခြေခံ အဆောက် အအုံ နဲ့ကုန်သွယ်ရေး ကော်ရစ်ဒါကြီးတွေ ၊ ကုန်စည် အရည်အသွေး ဆိုင်ရာ စံချိန် စံညွှန်း သတ်မှတ်မှုတွေ၊ မလိုအပ်တဲ့ အပို ကုန်ကျမှုတွေကို လည်း အနိမ့်ဆုံးအထိ လျှော့ချပေးနိုင်မယ့် ကုန်သွယ်ရေး ဆိုင်ရာ ဝန်ဆောင်မှုတွေ အထူးပဲ လိုအပ်ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

ထို့အပြင် ကုန်သွယ်မှုလိုငွေ မြင့်မားနေသည့် မြန်မာနိုင်ငံ၏ ကုန်သွယ်မှု အခြေအနေအတွက် အကြံကောာင်း၊ ဉာဏ်ကောင်းများ၊ နည်းလမ်းများ အဆိုပြုပေးကြဖို့တိုက်တွန်းလိုပါကြောင်းလည်း သူက ပြောခဲ့သည်။

ကုန်သွယ်မှု ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိသည့် လုပ်ငန်း အခြေအနေများကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ချုပ် (WTO)၌ ၂၀၁၆ စက်တင်ဘာ ၂၅ ရက်မှ ၃၀ ရက်အထိ ပြုလုပ်ခဲ့သည့် Public Forum တွင် Side Event အဖြစ် ဆွေးနွေးခဲ့ရာ Myanmar opening up for Business မြန်မာကိုယ်စားလှယ် အဖွဲ့ တက်ရောက် ဆွေးနွေးခဲ့ပြီး ဖြစ်ကြောင်းလည်း ဒုတိယ သမ္မတ ဦးမြင့်ဆွေက ပြောသည်။

ထို အခမ်းအနားတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းမြင့်က “မိမိတို့ ဝန်ကြီးဌာနအနေနဲ့ ကုန်သွယ်မှု ကဏ္ဍ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် ကုန်သွယ်မှု လွယ်ကူ လျင်မြန် ချောမွေ့စေရေး (Trade Facilitation)၊ ကုန်သွယ်မှု တိုးမြှင့်ရေး (Trade Promotion)၊ ကုန်သွယ်မှု ဖြေလျှော့ပေးရေး (Trade Libralization) ၊ ကုန်သွယ်မှု စေ့စပ်ညှိနှိုင်းရေး (Trade Negotiation)၊ ကုန်သွယ်မှု ဆိုင်ရာ ပညာပေးရေး (Trade Education) ၊ စားသုံးသူ ကာကွယ်ပေးရေး (Consumer Protection) စတဲ့ လုပ်ငန်းများကို အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါတယ်” ဟု ပြောကြားခဲ့သည်။

အဆိုပါ ရှင်းလင်းပွဲ အခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စီးပွားရေး ဝန်ကြီးများ၊ ကမ္ဘာ့ဘဏ်နှင့် မိတ်ဖက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဆက်စပ် ဌာနများမှ တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.