Connect with us

Local

နိုင်ငံ့ဝန်ထမ်း အိမ်ရာ နှင့် နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာ စီမံကိန်းများ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးတို့တွင် ဇူလိုင်လအတွင်း စတင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်

နိုင်ငံ့ဝန်ထမ်းအိမ်ရာ တည်ဆောက်ရေးဦးစီးကော်မတီနှင့် နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာ တည်ဆောက်ရေး ဦးစီး ကော်မတီတို့၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့စဉ်(ဓာတ်ပုံ-The Mirror Daily)

ရန်ကုန် ၊ ဇွန် ၂၂ ရက်(ဆင်ဟွာ)

နိုင်ငံ့ဝန်ထမ်း အိမ်ရာ နှင့် နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာ စီမံကိန်းများကို ပထမအဆင့် အနေဖြင့် နေပြည်တော် ၊ ရန်ကုန်၊ မန္တလေးတို့တွင် ဇူလိုင်လအတွင်း စတင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။

နိုင်ငံ့ ဝန်ထမ်း အိမ်ရာ စီမံကိန်း သည် နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် ပင်စင်ယူသည့် အချိန်၌ မိမိတို့ အခြေချ နေထိုင်လိုသည့် ဒေသတွင် ဝယ်ယူ ပိုင်ဆိုင် နေထိုင်နိုင်မည်ဖြစ်ပြီး ငွေပေးချေမှုစနစ်ကို ပုဂ္ဂလိကဘဏ်များနှင့် ပေါင်းစပ်စီမံထားသော စနစ်များအတိုင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာစီမံကိန်းသည် တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာထမ်း၊ အမှုထမ်းများအားလုံးက တာဝန်ကျရာနေရာတွင် အသက်သာဆုံးငှားရမ်းခဖြင့် ငှားရမ်းနေထိုင်ခွင့် ရှိမည် ဖြစ်ပြီး တာဝန်အရ ပြောင်းရွှေ့ ခြင်း(သို့မဟုတ်) အလုပ်နုတ်ထွက်ခြင်းများအတွက် ငှားရမ်းထားသောအခန်းကို ပြန်လည်အပ်နှံခြင်းစသည်ဖြင့် ရိုးရှင်း လွယ်ကူစွာ စီမံထားခြင်း ဖြစ်ကြောင်း သိရသည်။

နိုင်ငံ့ဝန်ထမ်းများအားလုံး တာဝန်ထမ်းဆောင်နေစဉ်နှင့် တာဝန်ထမ်းဆောင်ပြီးနောက် အငြိမ်းစားယူပါက ဘဝ လုံခြုံစိတ်ချမှုရှိစေရန်၊ တာဝန်ထမ်းဆောင်ရာတွင်လည်း ကျေနပ်ဝမ်းမြောက်မှုရရှိစေရန် ရည်ရွယ် လုပ်ဆောင်ရသည့် စီမံကိန်း ဖြစ်ကြောင်း နိုင်ငံ့ဝန်ထမ်းအိမ်ရာ တည်ဆောက်ရေးဦးစီးကော်မတီနှင့် နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာတည်ဆောက်ရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောကြားခဲ့သည်။

ထို့အတူ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဆက်လက်အကောင်အထည်ဖော် တည်ဆောက် နိုင်ရေး တို့နှင့် ပတ်သက်၍ နိုင်ငံ့ဝန်ထမ်းအိမ်ရာ တည်ဆောက်ရေးဦးစီးကော်မတီနှင့် နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာ တည်ဆောက်ရေး ဦးစီး ကော်မတီတို့၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အသေးစိတ်ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.