Connect with us

Local

မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ မျှဝေရန် ရည်ရွယ်ချက်ဖြင့် မြန်မာ့ ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုး တိုးတက်ရေး ဆွေးနွေးပွဲ ကျင်းပ

မြန်မာ့ ရင်းနှီးမြှုပ်နှံမှု ဖွံ့ ဖြိုး တိုးတက်ရေး ဆွေးနွေးပွဲ ဖွင့်ပွဲတွင် စုပေါင်း မှတ်တမ်းတင် ရိုက်ကူးစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဒီဇင်ဘာ ၆ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ မျှဝေရန် ရည်ရွယ်ချက်ဖြင့် “မြန်မာ့ ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုး တိုးတက်ရေး ဆွေးနွေးပွဲ”အား ရန်ကုန်မြို့ရှိ IBC ၌ ယနေ့ဒီဇင်ဘာ ၆ ရက်တွင် စတင် ကျင်းပခဲ့သည်။

မြန်မာ့ ရင်းနှီး မြှုပ်နှံမှု ဖွံ့ဖြိုး တိုးတက်ရေး ဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းက ယခု ဆွေးနွေးပွဲသို့တက်ရောက်လာသူများက နိုင်ငံခြားသားများ အားလုံး လာရောက် ရင်းနှီးမြှုပ်နှံနိုင်အောင် ဝိုင်းဝန်းပြီး အကောင်းဆုံး ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းက အဖွင့် အမှာစကား ပြောကြားစဉ်(ဆင်ဟွာ)

Zico Law ၏ အမှုဆောင် ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်သိန်းက မြန်မာနိုင်ငံသည် တိုးတက် ဖွံ့ဖြိုးဆဲ နိုင်ငံ ဆိုသည့် အုပ်စုတွင် ပါနေကြောင်း ၊ ဖွံ့ဖြိုးဆဲ နိုင်ငံ တစ်နိုင်ငံ အနေဖြင့် ဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်ရန် လိုအပ်သည့် ငွေကြေးအား ရနိုင်သည့် နည်းလမ်း ၄ ခု မှာ ငွေစက္ကူ ရိုက်နှိပ်သည့် နည်းလမ်း ၊ အခွန် တိုးမြှင့် ကောက်ခံသည့် နည်းလမ်း ၊ ချေးငွေ ရယူသည့် နည်းလမ်း နှင့် ရင်းနှီးမြှုပ်နှံမှုများ ရယူ ဖိတ်ခေါ်သည့် နည်းလမ်း ဖြစ်ကြောင်း ၊ ထိုနည်းလမ်းများ အနက် ရင်းနှီးမြှုပ်နှံမှုများ ရယူ ဖိတ်ခေါ်သည့် နည်းလမ်းမှာ အကောင်းဆုံး ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

Zico Law ၏ အမှုဆောင် ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်သိန်းက အဖွင့် အမှာစကား ပြောကြားစဉ်(ဆင်ဟွာ)

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံရုံး စီးပွားရေး ဌာနမှ လက်ထောက် အတွင်းရေးမှူး Mr.Peng Shaofeng က တရုတ်နိုင်ငံ နှင့် မြန်မာနိုင်ငံသည် ရှည်လျားသည့် နယ်နိမိတ် ထိစပ်နေပြီး စီးပွားရေး လုပ်ငန်းများ အပြင် လူမှုရေး လုပ်ငန်းများပါ ပူးပေါင်း ပါဝင်မှုများစွာ ပြုလုပ်ထားကြောင်း ၊ တရုတ်-မြန်မာ ပူးပေါင်း ဆောင်ရွက်မှု ၊ ချစ်ကြည်ရင်းနှီးမှုများသည် ပို၍ ကောင်းမွန်လာကြောင်း ၊ ယခု ဆွေးနွေးပွဲတွင် တရုတ်နိုင်ငံမှ ရောက်လာသည့် မိတ်ဆွေများ အားလုံး အတွက် အကျိုးရှိသည့် သတင်းကောင်းများ များစွာ ရရှိပြီး ရင်းနှီးမြှုပ်နှံနိုင်သည့် အခွင့်အရေးများ ရှိနိုင်ရန် မျှော်လင့်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံရုံး စီးပွားရေး ဌာနမှ လက်ထောက် အတွင်းရေးမှူး Mr.Peng Shaofeng က အဖွင့် အမှာစကား ပြောကြားစဉ်(ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ လျှပ်စစ် နှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က ဂုဏ်ပြု အမှာ စကား ပြောကြားရာတွင် နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးတွင် ရင်းနှီးမြှုပ်နှံမှုသည် အလွန် အရေးကြီးသည့် ကဏ္ဍမှ ပါဝင်ကြောင်း ၊ ရင်းနှီးမြှုပ်နှံမှုများ မဖွံ့ဖြိုးဘဲ စီးပွားရေး ဖွံ့ဖြိုး တိုးတက်လာရန် မရှိကြောင်း ၊ ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုသည် အလွန် အရေးကြီးကြောင်း ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့အနေဖြင့် အမှန်တကယ် ရင်းနှီးမြှုပ်နှံလိုသူများအား မြေနေရာများအား အလွန် သက်သာသည့် ဈေးနှုန်းများဖြင့် အလုပ်လုပ်ကိုင်ခွင့် ရရှိအောင် ဘက်ပေါင်းစုံမှ စီစဉ်ဆောင်ရွက်နေကြောင်း ၊ ထို့အတူ ရေ နှင့် လျှပ်စစ်မီး ကိစ္စများကိုလည်း အထူး ကြိုးစား ဆောင်ရွက်ပေးနေကြောင်း ၊ မည်သည့် လုပ်ငန်းမျိုး မဆို လာရောက်၍ အချိန်မရွေး ဆွေးနွေးနိုင်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ လျှပ်စစ် နှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က ဂုဏ်ပြု အမှာ စကား ပြောကြားစဉ်(ဆင်ဟွာ)

မြန်မာ့ ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုး တိုးတက်ရေး ဆွေးနွေးပွဲ တက်ရောက်လာသူများအား တွေ့ရစဉ်(ဆင်ဟွာ)

မြန်မာ့ ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုး တိုးတက်ရေး ဆွေးနွေးပွဲ ကျင်းပစဉ်(ဆင်ဟွာ)

ထို့အတူ Golden Myanmar Business Center ၏ ဥက္ကဋ္ဌ ဦးမျိုးနိုင်က မြန်မာ့ ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုး တိုးတက်ရေး ဆွေးနွေးပွဲ ကျင်းပရသည့် အကြောင်းရင်းများအား ရှင်းလင်း ပြောကြားခဲ့သည်။မြန်မာ့ ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုး တိုးတက်ရေး ဆွေးနွေးပွဲ၏ ဆောင်ပုဒ်မှာ “အနာဂတ် စီးပွားရေး ဖွံ့ဖြိုးဖို့လက်တွဲညီညာ ဆောင်ရွက်စို့”ဖြစ်ကြောင်း သိရသည်။

ထိုဆွေးနွေးပွဲအား မြန်မာနိုင်ငံ၏ အနာဂတ် စီးပွားရေး ပိုမို ဖွံ့ဖြိုး တိုးတက်စေရန် ၊ ပြည်တွင်း/ပြည်ပ ရင်းနှီး မြှုပ်နှံမှုများ တိုးတက် များပြား လာစေရန် ၊ မြန်မာနိုင်ငံ အတွင်းရှိ အထူးစီးပွားရေး ဇုန် စီမံကိန်းများမှ တာဝန်ရှိ ပုဂ္ဂိုလ်များ နှင့် ဆွေးနွေးနိုင်မည့် အခွင့်အရေးများ ရရှိစေရန် နှင့် အစိုးရ အဖွဲ့အစည်းများ ၊ စီးပွားရေး လုပ်ငန်းရှင် များနှင့် ပညာရှင်များ အတူတကွ ပူးပေါင်း ဆောင်ရွက်မှုဖြင့် မြန်မာ့ စီးပွားရေး ပိုမို ဖွံ့ဖြိုး တိုးတက် လာစေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပ ပြုလုပ်ရခြင်း ဖြစ်ကြောင်း သိရသည်။

ထိုနောက် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများနှင့် ပတ်သက်၍ ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန မှ ဦးသန်းအောင်ကျော် ၊ မြန်မာနိုင်ငံ ချေးငွေ သက်သေခံ လက်မှတ် လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင် မှ ဦးဌေးချွန် ၊ သီလဝါ အထူးစီးပွားရေးဇုန် စီမံ ခန့်ခွဲမှု ကော်မတီ မှ ဒေါ်ချိုချိုဝင်း နှင့် တရုတ်နိုင်ငံ ထိပ်တန်း သုတေသန ဌာနများ(China Top Think Tanks)ထဲတွင် ပါဝင်သော ဆင်ဟွာ ကမ္ဘာ့ရေးရာ သုတေသန ဌာန၏ သုတေသန ပညာရှင် နှင့် ဆင်ဟွာ ရန်ကုန် ဗျူရို ဌာနမှူးဟောင်း Mr.Zhang Yunfei(ဦးထွန်းဖေ)တို့က ဟောပြော ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။(Xinhua)