Connect with us

Local

နေပြည်တော် ဘောဂသီရိ အဝေးပြေး ကားကြီးဝင်း ကားဝင်ကြေး ကောက်ခံမည်

နေပြည်တော် ဘောဂသီရိ ကားကြီးဝင်းအား တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇွန် ၂၄ ရက် (ဆင်ဟွာ)

နေပြည်တော် ကောင်စီနယ်မြေ ပျဉ်းမနား မြို့နယ်အတွင်းရှိ ဘောဂသီရိ ကားကြီးဝင်း အတွင်းသို့ ဝင်သည့် ကားများအား ဇူလိုင်လ (၁) ရက်မှ စတင်ပြီး ဝင်ကြေး ကောက်ခံ သွားမည်ဟု နေပြည်တော် မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ (အဝေးပြေး) ဥက္ကဋ္ဌ ဦးဝင်းဆွေက ဆင်ဟွာသို့ပြောသည်။

“ကားကြီးဝင်းထဲဝင်တဲ့ ကားတွေကို ဝင်ကြေးကောက်ဖို့ လုပ်ငန်းရှင်တွေ တင်ဒါပြိုင်ကြတာ မနေ့က ညနေမှာ အပြီးသတ် ရွေးလိုက်ပါတယ်။ ၂၀၁၆ ဇူလိုင် (၁) ရက်က စပြီးကောက်မှာပါ၊ ဘယ်နှုန်းနဲ့ ဘယ်လို ပုံစံနဲ့ကောက်ခံမယ်ဆိုတာကိုတော့ တင်ဒါအောင်သွားတဲ့ အဖွဲ့က ဒီနေ့ညနေမှာ တွက်ချက် ဆုံးဖြတ်ပါလိမ့်မယ်” ဟု ၎င်းက ပြောသည်။
၂၀၀၆ ခုနှစ်က စတင် ဖွင့်လှစ်ခဲ့သော အဆိုပါ ဘောဂသီရိ ကားဝင်းတွင် ကားဝင်ကြေး ကောက်ခံမှုကို ၂၀၀၇ ခုနှစ်တွင် တစ်လခန့် ပြုလုပ်ခဲ့ပြီး ဆက်မကောက်တော့ဘဲ ရပ်ဆိုင်းခဲ့ရာ ယခု ဆယ်နှစ်နီးပါး အကြာတွင်မှ ကားဝင်ကြေး ကောက်ရန် တင်ဒါ ခေါ်ခဲ့ခြင်း ဖြစ်သည်။
“ဒီလို ဝင်ကြေး ကောက်တာကို ၂၀၀၇ တုန်းက လုပ်ခဲ့သေးတယ်။ တစ်လလောက်ပဲ ကြာပြီး ကားတွေက မဝင်ကြတော့ ကားဝင်း မစည်မှာ စိုးလို့ဆက် မကောက်ဘဲ ရပ်ခဲ့ရတယ်” ဟု ဦးဝင်းဆွေက ပြောသည်။
၂၀၁၆ ဇူလိုင်လ (၁) ရက်မှ မတ်လ (၃၁) ရက်အထိ ကိုးလတာအတွက် ကားဝင်ကြေး ကောက်ခံခွင့် ကို လုပ်ငန်းရှင် ရှစ်ဦးတို့ တင်ဒါ အပြိုင်ဆွဲကြရာ မောခမ်းနွံ ထမင်းဆိုင်နှင့် မိုးသူဇာ မုန့်တိုက်တို့မှ ဇနီးမောင်နှံက ကျပ်သိန်း ၂,၃၅၀ ဖြင့် ရရှိခဲ့ပြီး တစ်ရက်လျှင် ကျပ်ကိုးသိန်းနီးပါး ရင်းနှီးမြှုပ်နှံထားရမည့် ထိုလုပ်ငန်းအတွက် ယနေ့ညနေတွင် အစည်းအဝေးကျင်းပကာ ကောက်ခံမည့် နှုန်းထားနှင့် စနစ်ကို တွက်ချက်ကြမည် ဖြစ်သည်။
“နေပြည်တော် အခြေပြု ကားအသင်းက ၂၃ သင်း၊ တခြား တိုင်းနဲ့ ပြည်နယ် အခြေပြုက ၆၃ သင်း၊ စုစုပေါင်း ၈၆ သင်း မှတ်ပုံတင်ထားတယ်။ တကယ် ပြေးဆွဲနိုင်တာက ၇၅ သင်းပဲ ရှိတယ်။ အဲဒီ ၇၅ သင်းရဲ့ ကားစီးရေ အားလုံးက အစီး ၈၀၀ လောက်ရှိတယ်။ အဲဒီထဲမှာ ဘောဂသီရိကို ဝင်တာက အစီး ၅၀၀ လောက် ရှိတယ်ဟု” ဦးဝင်းဆွေက ရှင်းပြသည်။
ဘောဂသီရိ ကားဝင်းတွင် အဝေးပြေး ဂိတ် ၉၆ ခု အပြင် ပွဲရုံပေါင်း ၂၁၀ ရုံ၊ ကားရေဆေး အလုပ်ရုံ ၁၀ ရုံ၊ ယာဉ်ပြင် အလုပ်ရုံ (workshop) ၅၉ ရုံ၊ စားသောက်ဆိုင် ၃၆ ဆိုင်တို့လည်း ရှိသည်။ ထို့ကြောင့် ကားဝင်းအတွင်းသို့ ခရီးသည်တင် အဝေးပြေးကားများသာမက ပွဲရုံ ၊ ယာဉ်ပြင် အလုပ်ရုံနှင့် စားသောက်ဆိုင်များသို့လာမည့် အခြား ကားမျိုးစုံတို့လည်း ရှိနေသည်။
“ကားဝင်တိုင်း ကောက်တာ ဆိုရင်တော့ အဆင်မပြေနိုင်ဘူးဗျ။ ဒီမှာက ရန်ကုန်တို့မန္တလေးတို့လို မဟုတ်ဘူး၊ တချို့ကားတွေကျတော့ ဒီကားတစ်စီးတည်းကပဲ တစ်ရက်တည်းမှာ ဘောဂသီရိဝင်းထဲကို နှစ်ခေါက် သုံးခေါက် ဝင်ရတာတွေရှိတော့ ဝင်တိုင်း ပေးနေရရင် မကိုက်ဘူး။ ပြီးတော့ ဒီကားဝင်းက တခြား ကားဝင်းတွေလို ကားဂိတ် သက်သက်ပဲ ရှိနေတာ မဟုတ်ဘူး။ ကားဝပ်ရှော့ တွေ၊ ပွဲရုံတန်းတွေလည်း ရှိတော့ ခရီးသည် ကားကလည်း ဝပ်ရှော့ကို သွားရတာတွေရှိတော့ ဝင်တိုင်း ဝင်ကြေးပေးရရင် ကားလိုင်းတွေ အတွက် မကိုက်ဘူး” ဟု အဝေးပြေး ယာဉ်ပိုင်ရှင် တစ်ဦးက ပြောသည်။
“တစ်ကြိမ်ဝင်ခ ပေးပြီးရင် ၂၄ နာရီအတွင်း ဘယ်နှစ်ခေါက်ဝင်ဝင် ထပ်ပေးစရာ မလိုတော့တဲ့ ပြေစာ ဖြတ်ပိုင်းနဲ့ဆိုရင် အဆင်ပြေလောက်တယ်”ဟုလည်း သူက အကြံပြုသည်။
ကိုးလအတွက် ကျပ် သိန်း၂,၃၅၀ ဖြင့် တင်ဒါအောင်သည့် လုပ်ငန်းရှင်ဘက်ကလည်း အရှုံးနည်းနိုင်သမျှ နည်းအောင်ပင် မနည်း ကြိုးစားရလိမ့်မည်ဟု ကျွမ်းကျင်သူတို့က ခန့်မှန်း ထားကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.