Connect with us

Local

အထက် ကျိုင်းတောင်း ရေအား လျှပ်စစ် စီမံကိန်းအား ၂ဝ၂ဝ-၂ဝ၂၁ ခုနှစ်တွင် ပြီးစီးရန် လျာထား အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိ

အထက်ကျိုင်းတောင်းရေအားလျှပ်စစ်စီမံကိန်းနှင့်နမ့်စန်ပင်မဓာတ်အားခွဲရုံတို့ အား လျှပ်စစ် နှင့် စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က သွားရောက် ကြည့်ရှု စစ်ဆေးနေစဉ်(ဓာတ်ပုံ-The Mirror Daily)

ရန်ကုန် ၊ မတ် ၅ ရက်(ဆင်ဟွာ)

ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ ကျိုင်းတောင်း မြို့၏ အနောက်တောင်ဘက် ၁၄ မိုင်ခန့်အကွာ နမ့်တိန်ချောင်း ပေါ်တွင် အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် အထက် ကျိုင်းတောင်း ရေအား လျှပ်စစ် စီမံကိန်းအား ၂ဝ၂ဝ-၂ဝ၂၁ ခုနှစ်တွင် ပြီးစီးရန် လျာထားကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

အထက် ကျိုင်းတောင်း ရေအား လျှပ်စစ် စီမံကိန်း၏ ပင်မရေလှောင်တမံမှာ အလျား ပေ ၁၈ဝဝ၊ အမြင့် ပေ ၂၃ဝရှိ ဇုန်အမျိုးအစား တမံ ဖြစ်ပြီး ကန်ရေ ပြည့် ရေသိုလှောင်ပမာဏမှာ ဧကပေ ၁ဝ၄ဝဝဝ သိုလှောင်နိုင်ပြီး စက်တပ်ဆင်အင်အား ၁၇ မဂ္ဂါဝပ်ရှိ စက် သုံးလုံးဖြင့် စုစုပေါင်း စက်တပ်ဆင်အင်အား ၅၁ မဂ္ဂါဝပ်မှ နှစ်စဉ် ပျမ်းမျှ လျှပ်စစ် ဓာတ်အား ကီလိုဝပ် နာရီ သန်းပေါင်း ၂၆၇ သန်း ထုတ်လုပ်ပေးနိုင်မည့် ဒေသ အကျိုးပြု စီမံကိန်းတစ်ခု ဖြစ်ကြောင်း သိရသည်။

ယင်းစီမံကိန်းမှ ထွက်ရှိ လာမည့် လျှပ်စစ် ဓာတ်အားများနှင့် လက်ရှိ ကျိုင်းတောင်း ရေအား လျှပ်စစ် ဓာတ်အား ပေး စက်ရုံမှ ထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အားများကို နမ့်စန် ပင်မဓာတ်အားခွဲရုံသို့၂၃ဝ ကေဗွီ မဟာ ဓာတ်အားလိုင်းဖြင့် ချိတ်ဆက်၍ နိုင်ငံတော် ဓာတ်အားစနစ်သို့ ဖြန့်ဖြူး ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ကျိုင်းတောင်းမြို့၏ တောင်ဘက် ၁၈ မိုင်ခန့်အကွာ နမ့်တိန်ချောင်းပေါ်တွင် တည်ဆောက်ပြီး ကျိုင်းတောင်း ရေအား လျှပ်စစ် ဓာတ်အားပေး စက်ရုံမှ စက်တပ်ဆင်အင်အား ၅၄ မဂ္ဂါဝပ်ဖြင့် နှစ်စဉ်ပျမ်းမျှ ကီလိုဝပ်နာရီ သန်းပေါင်း ၃၇၇ ဒသမ ၆ သန်းကို နိုင်ငံ တော်ဓာတ်အားစနစ်ဖြင့် ချိတ်ဆက် ဓာတ်အားပို့လွှတ်ပေး လျက်ရှိကြောင်း သိရသည်။

ထိုအပြင် နိုင်ငံတော် ဓာတ်အားစနစ် မရောက်ရှိသေးသည့် ကျိုင်းတုံမြို့ အပါအဝင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ဒေသများသို့ ဖြန့်ဖြူး ပေးနိုင်ရန်အတွက် ၂၃ဝ ကေဗွီ နမ့်စန်-မိုင်းပျဉ်း-ကျိုင်းတုံ ဓာတ်အားလိုင်းသစ် ၁၅၅ မိုင် တည်ဆောက်ရေးစီမံကိန်း နှင့် ထွက်ရှိလာမည့် ဓာတ်အားများကို လက်ခံဖြန့်ဖြူးပေးနိုင် ရန် နမ့်စန်ခွဲရုံအတွင်း ၂၃ဝကေဗွီ Switch Yard တိုးချဲ့ခြင်းလုပ်ငန်းများအား အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိပြီး ၂ဝ၁၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပြီးစီးသွားရန် လျာထား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့အတူ ကျိုင်းတုံ မြို့နှင့် မိုင်းပျဉ်းမြို့များတွင်လည်း ၂၃ဝ ကေဗွီဓာတ်အားခွဲရုံ တည်ဆောက်ခြင်းလုပ်ငန်းအား ဓာတ်အားလိုင်းစီမံကိန်းနှင့် အတူ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.