Connect with us

Local

နိုင်ငံခြားဧည့်သည် ဝင်ရောက်မှု လျာထားချက် ၅ သန်း ယခုနှစ်အတွက် ပြည့်မီနိုင်သော်လည်း စိန်ခေါ်မှုများရှိနေ

ရန်ကုန်မြို့ရှိဗိုလ်ချုပ်အောင်ဆန်းဈေးတွင် နိုင်ငံခြားသားခရီးသည်များလည်ပတ်ကြည့်ရှု့နေစဉ် (ဆင်ဟွာ)

ရန်ကုန်မြို့ရှိဗိုလ်ချုပ်အောင်ဆန်းဈေးတွင် နိုင်ငံခြားသားခရီးသည်များလည်ပတ်ကြည့်ရှု့နေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသို့ နိုင်ငံခြားဧည့်သည် ဝင်ရောက်မှုကို ယခုနှစ် အတွင်း၌ ၅ သန်းအထိ တိုးမြှင့်နိုင်ရန် စိန်ခေါ်မှုများ ရှိနေသည့်အတွက် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန အနေဖြင့် စီမံချက်များ ချမှတ် ဆောင်ရွက်နေ ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန မှ ဒုတိယဝန်ကြီး ဒေါက်တာစိုင်းကျော်အုန်း က ဆင်ဟွာကို ယနေ့ ပြောကြားသည်။

ဧည့်လမ်းညွှန်တွေ ၊ ဧည့်ခန်းဆောင် ထိန်းသိမ်းရေး လုပ်ဆောင်နေသူတွေကို သင်တန်းတွေ ပို့ချလျက်ရှိကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှုး ဦးတင်ထွန်း အောင်က “ဟိုတယ်နဲ့ခရီးသွားဝန်ကြီးဌာနက ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်တုန်းက ၃ သန်း မှန်းတာပြည့် သွားခဲ့တယ်။ အခု ၂၀၁၅ မှာလည်း ၅ သန်း မှန်းတာ ပြည့်နိုင်ပါတယ်။ ဒါပေမယ့် စိန်ခေါ်မှု တွေလည်းရှိနိုင်တယ်” လို့ ဆင်ဟွာ သတင်းဌာနကို ဖြေကြားသည်။

မြန်မာနိုင်ငံက အခု ၂၀၁၅ မှာ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲရှိတဲ့နှစ် လည်း ဖြစ်တဲ့ အတွက် နိုင်ငံခြားသားတွေ အထူး အာရုံစိုက်ခြင်းခံရတဲ့ နိုင်ငံထဲမှာပါဝင် တဲ့ အတွက် ခရီးသွား ဧည့်သည် ၅ သန်း ပြည့်မီနိုင်တယ် ဆိုတဲ့ ခန့်မှန်းချက် က မှန်ကန်နိုင်သည် ဟုပြင်သစ် ဧည့်လမ်းညွှန် တစ်ဦးကဆိုပါသည်။

မြန်မာနိုင်ငံတွင် ယခု ၂၀၁၅ ခုနှစ်တွင် ခရီးသွား ဧည့်သည် ၅ သန်းခန့် ဝင်ရောက်ခဲ့ပါက အခြေခံ အဆောက်အအုံ လိုအပ်မှုရှိနိုင်သလို၊ နိုင်ငံခြား ခရီးသွားဧည့်သည် များ၏ လုံခြုံရေးနှင့် ပက်သက်သည့် ပညာပေးမှုများ လုပ်သင့်ကြောင်း ဦးတင်ထွန်းအောင်က အကြံပြု ပြောကြားသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ကျိုက်ထီးရိုးတွင် နိုင်ငံခြားသူတစ်ဦးကို အဓမ္မပြုကျင့်မှု ရှိခဲ့ပြီး တာဝန်ရှိသူများက ကူညီခဲ့သည့်အတွက် တရားခံအား ဖမ်းဆီးရမိခဲ့သည်။

ဒုတိယဝန်ကြီး ဒေါက်တာစိုင်းကျော်အုန်းက “နိုင်ငံခြားဧည့်သည်တွေ လုံခြုံ ဖို့အတွက် ဧည့်လမ်းညွှန်တွေကို အဓိက သင်တန်းတွေပေးနေတယ်။ ကျွန်တော်တို့ဆီမှာ ဘာသာစကား အားနည်းမှု တွေလည်းရှိနေတဲ့ အတွက် အရည်အသွေးတွေ ဖြည့်ဖို့လည်း ဆောင်ရွက်နေတယ်” ဟုပြောသည်။

၂၀၁၄ ခုနှစ်ထဲတွင် ဧည့်သည်အများအပြား ဝင်ရောက်ခဲ့သည့်အတွက် ဟိုတယ်များက ဈေးမြှင့်လိုက်သည့်အခါ ခရီးသွားဧည့်သည် တချို့က မြန်မာနိုင်ငံကို လာမည်စီစဉ်ပြီးမှ ပြန်ဖျက်ခြင်းများရှိခဲ့ကြောင်း ခရီးသွားကုမ္ပဏီ တချို့ထံမှသိရသည်။

“ဆု”ခရီးသွားလုပ်ငန်းမှ မန်နေဂျင်းဒါရိုက်တာ ဦးမျိုးဇင်က “ဟိုတယ်ခ တွေလည်း ဧည့်သည်တွေ များလာလို့ဆို ဈေးတင်လိုက်တာမျိုးမဖြစ်သင့်ဘူး။ အဲ့လိုဆိုရင် နိုင်ငံခြားသားတွေကလည်း ထိုင်းနိုင်ငံနဲ့ယှဉ်လိုက်မှာပဲ။ မြန်မာနိုင်ငံက ဈေးကြီးတယ်ဆိုတာမျိူး ဖြစ်သွားနိုင်တယ်။ အဲ့ဒါတွေကတော့ စိန်ခေါ်မှုတွေပဲပေါ့” လို့ ပြောကြားသည်။

နိုင်ငံခြားသားဧည့်သည် အသွားများတဲ့နေရာတွေက တောင်ကြီး၊ အင်းလေး၊ ပုဂံ၊ ကျိုက်ထီးရိုး၊ ငွေဆောင်၊ ငပလီ၊ ချင်းတောင် စသည့် နေရာများအပြင် ပြည်မြို့၊ အကောက်တောင်၊ မြောက်ဦး စသည့် ရှေးဟောင်း ယဉ်ကျေးမှု နေရာများကိုလည်း သွားရောက်ကြောင်း သိရသည်။

၂၀၁၃ ခုနှစ်တွင် နိုင်ငံခြားသား ဧည့်သည်ဝင်ရောက်မှု ၂.၄ သန်းရှိပြီး၊၂၀၁၄ ခုနှစ်တွင် ၃ သန်းကျော် ဖြစ်လာသည့်အတွက် ၄၉ ရာခိုင်နှုန်း ဧည့်ဝင်နှုန်း တိုးတက်ခဲ့ကြောင်း ဟိုတယ်နှင့်ခရီးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရသိရသည်။ခရီးသွား ဝင်ငွေ ရရှိမှုအပိုင်း၌ အမေရိကန် ဒေါ်လာ ၁ ဒဿမ ၁၄ ဘီလီယံရရှိခဲ့သည် ဟုသိရသည်။

ထိုင်း၊ ဂျပန်၊ တရုတ်နိုင်ငံ တို့မှလာရောက်မှုသည် ၆၇ ရာခိုင်နှုန်းရှိပြီး၊ ဥရောပနိုင်ငံများမှဆိုလျှင် ပြင်သစ်၊ ယူကေနှင့် ဂျာမနီနိုင်ငံတို့မှ အများဆုံးလာရောက် ခဲ့ကြောင်း သိရသည်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအနေနှင့်လည်း ဟိုတယ်အသစ်များ ဆောက်လုပ်ခွင့်များ ပေးနေသလို ဟိုတယ်များလည်းတိုးလာ ကြောင်းသိရသည်။

တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ဟိုတယ် ၁,၁၀၆ လုံးရှိပြီဖြစ်ပြီး၊ ရန်ကုန်၌ ဟိုတယ် အလုံးပေါင်း ၂၃၀ ကျော် ရှိနေပြီ ဖြစ်ကြောင်း ဒေါက်တာ စိုင်းကျော်အုန်းက ပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.