Connect with us

Local

မြန်မာနိုင်ငံ အခြေခံလိုအပ် ချက်များ ပြုပြင်နိုင်လျှင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်မည်

ကွန်တိန်နာကရိန်းများအား မြန်မာ့စက်မှုဆိပ်ကမ်းတွင် တွေ့ရစဉ်(ဆင်ဟွာ)

ကွန်တိန်နာကရိန်းများအား မြန်မာ့စက်မှုဆိပ်ကမ်းတွင် တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)

နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုဝင်ရောက်ရန် စိတ်ဝင်တစား စောင့်ကြည့်နေသော မြန်မာနိုင်ငံအနေဖြင့် အခြေခံ လိုအပ်ချက်များကို ပြုပြင်နိုင်လျှင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမူများ ပိုမို ဝင်ရောက်နိုင်ကြောင်း VDB Loi’s မှ Mr Edwin Vanderbruggen ကပြောကြားသည်။

“ရင်းနှီးမြှုပ်နှံမှု ပါမစ်ရထားတဲ့ ကုမ္ပဏီတွေမှာတောင် ဒီအခက်အခဲတွေ ရှိနေတာ၊ ဘဏ်နဲ့ဆိုင်တာတွေ ငွေကြေးနဲ့ဆိုင်တာတွေ အထူးသဖြင့် အခက်အခဲတွေရှိနေတယ်၊ ချေးငွေနဲ့ပတ်သတ်ပြီးတော့လဲ အားနည်းချက်တွေရှိတယ်” ၎င်းကဆိုသည်။

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအတွက် အခြေခံ လိုအပ်ချက်ဖြစ်သော သတင်း အချက်အလက် ပွင့်လင်းမြင်သာမှု အားနည်းခြင်း၊ လုံခြုံရေးအပိုင်းများ အားနည်းမှုရှိခြင်း၊ ဘဏ်စနစ်နှင့် ငွေကြေး လည်ပတ်ပုံ စနစ်များ အားနည်းခြင်းများ ရှိနေပြီး ယင်းအခြေခံ လိုအပ်ချက် များကို ပြုပြင်နိုင်လျှင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ ပိုမို ဝင်လာနိုင်ရန် ရှိကြောင်း Mr. Edwin Vanderbruggen က ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် အရေးကြီးဆုံး လုပ်ဆောင်ရမည့် ပြုပြင်ပြောင်းလဲရေးများ ၊ ဥပဒေများ၊ စည်းမျဉ်း စည်းကမ်းများကို ပိုမို ကောင်းမွန်အောင် လုပ်ဆောင်ပြီး သတင်း အချက်အလက်များ ပွင့်လင်း မြင်သာမှု ရှိအောင် လုပ်ဆောင်ပေးရမည် ဖြစ်ကြောင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် မြန်မာနှင့် ပတ်သတ်သည့် သတင်းအချက်အလက် အသစ်များကို စောင့်ကြည့်နေကြောင်း ၎င်းက ဆိုသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ကထုတ်ပြန်ထားသည့် အချက်အလက် များအရ ကုန်ထုတ်လုပ်မှု ကဏ္ဍသည် လက်ရှိအချိန်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုတွင် အဆင့် ၃ နေရာသို့ တိုးတက် ရောက်ရှိလာကြောင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေး ကဏ္ဍ၊ အိမ်ခြံမြေကဏ္ဍ များတွင်လည်း တိုးတက်လာကြောင်း တွေ့ရသည်။

ယခုအစိုးရ သက်တမ်းတွင် တံခါးဖွင့်စီးပွားရေးစနစ် ကျင့်သုံးခဲ့မှုနှင့်အတူ စီးပွားရေးအရ ပြောင်းလဲမှု အဖြစ် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေ (FDI Law) ကို ပြဌာန်ခြင်း၊ နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေ (CIL Law) ကို ပြဌာန်းခြင်းများ လုပ်ဆောင်ခဲ့သည်။

ယခုအချိန်တွင် အဆိုပါ ဥပဒေ ၂ ခု ကို ပြန်လည် ပေါင်းစည်းရေးဆွဲ နေဆဲသာ ဖြစ်ပြီး ထွက်ပေါ်လာခြင်း မရှိသေးပေ။

ယင်းဥပဒေ ထွက်ပေါ်မလာသေးသော လက်ရှိကာလတွင် ဝင်ရောက်လာသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို FDI Law အရ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ခွင့်ပြုမိန့်များ ချပေးလျက် ရှိသည်။

VDB Loi’s Myanmar သည် ယနေ့ MICT Park တွင် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံခြား ငွေလဲလှယ်နှုန်းနှင့် ဗဟိုဘဏ်မှ ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများ အကြောင်း နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံလိုသူများကို ရှင်းလင်းပြောကြားခဲ့သည်။ (Xinhua)