Connect with us

Local

စတုတ္ထမြောက် ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းလိုင်စင် ပူးပေါင်း ဆောင်ရွက်ရန် ဗီယမ်နမ် နိုင်ငံမှ Viettel ကုမ္ပဏီအား ရွေးချယ်ထား

ဆက်သွယ်ရေးနှင့် သတင်းအချက် အလက် နည်းပညာဝန်ကြီးဌာန ၌ စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးဝင်းသန်း နှင့် တင်ဒါရွေးချယ် ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ဇော်ဦးတို့က မီဒီယာများနှင့် တွေ့ဆုံရှင်းလင်းပွဲ၌ ရှင်းလင်း ပြောကြားနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- MOI)

ရန်ကုန် ၊ မတ် ၂၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ စတုတ္ထမြောက် ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်အား အစုစပ် ဖက်စပ် ဆောင်ရွက်နိုင်ရေး နိုင်ငံခြားမိတ်ဖက်ကုမ္ပဏီအဖြစ် ဗီယက်နမ်နိုင်ငံ မှ Viettel ကုမ္ပဏီအား ရွေးချယ်ထားကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။

စတုတ္ထမြောက် ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းလိုင်စင် ရယူသုံးစွဲမည့် ပြည်တွင်း အများပိုင် ကုမ္ပဏီနှင့် အစုစပ် ဖက်စပ်ဆောင်ရွက်နိုင်ရေး နိုင်ငံခြားမိတ်ဖက်ကုမ္ပဏီ ရွေးချယ်ရန်ကိစ္စများနှင့် စပ်လျဉ်း၍ ပြည်တွင်းအများပိုင်ကုမ္ပဏီ ၁၁ ခုအား ပြည်တွင်းအထူးလုပ်ငန်းကုမ္ပဏီ (Special Purpose Company) အဖြစ် Myanmar National Telecom Holding Public Limited ကို ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ၊ စက်တင်ဘာ ၁၁ ရက်တွင် ဖွဲ့စည်းနိုင်ခဲ့ကြောင်း၊ အစိုးရအစုရှယ်ယာရှင်အား ဖိတ်ခေါ်ခဲ့ရာ ပြည်ထောင်စုအစိုးရအဖွဲ့မှ ကာကွယ်ရေးဝန်ကြီးဌာနက အဆိုပြုတင်ပြထားသည့် Star High Co.,Ltd အား ယခု ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁၉ ရက်တွင် သတ်မှတ်ပေးနိုင်ခဲ့ကြောင်း၊ နိုင်ငံခြား မိတ်ဖက် ကုမ္ပဏီ ရွေးချယ်ခဲ့ရာတွင် ဗီယက်နမ်နိုင်ငံမှ Viettel ကုမ္ပဏီအား အောင်မြင်သော လျှောက်ထားသူ(Successful Applicant)အဖြစ် ရွေးချယ်ခဲ့ပြီး ဖက်စပ် ဖွဲ့စည်းရေး လုပ်ငန်းဆိုင်ရာ သဘောတူညီချက် ရရှိရေးအတွက် အသေးစိတ် ညှိနှိုင်းဆွေးနွေးမှုများအား ဆက်လက်ဆောင်ရွက်ခွင့်ပြုနိုင်ရန် ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြအတည်ပြုချက် ရယူထားပြီး ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် ဆက်သွယ်ရေး ကဏ္ဍ၌ ပြည်ပအော်ပရေတာများဖြစ်သော Ooredoo Myanmar Limited ၊ Telenor Myanmar Limited နှင့် ပြည်တွင်းအော်ပရေတာဖြစ်သည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် KDDI Summit Global MyanmarCo.,Ltd တို့ကို ဆက်သွယ်ရေး ဥပဒေနှင့်အညီ လိုင်စင်များ ချထားပေးခဲ့ပြီး ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ (Xinhua)