Connect with us

Culture & Entertainment

ကမ္ဘာပေါ်တွင် တစ်ကောင်တည်းသော ဖမ်းဆီးမိအညိုရောင်ပန်ဒါကြီးမျိုးကို မွေးစားခွင့်ပေး

ကမ္ဘာပေါ်တွင် တစ်ကောင်တည်းသော ဖမ်းဆီးမိအညိုရောင်ပန်ဒါအထီး ရှီးကျိုက်အား တွေ့ရစဉ် (ဆင်ဟွာ)

ရှီးအန်း၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဆန်းရှီးပြည်နယ်ရှိ ချင်းလျင် ပန်ဒါကြီးမျိုးမွေးမြူရေး သုတေသနစင်တာတွင် နိုဝင်ဘာ ၂၀ ရက်က ကမ္ဘာပေါ်တွင် တစ်ကောင်တည်းသော ဖမ်းဆီးမိအညိုရောင်ပန်ဒါကြီးမျိုးကို မွေးစားခွင့်ပေးအပ်ခြင်း အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။

၂၀၀၉ ခုနှစ်တွင် မွေးဖွားခဲ့သော အညိုရောင်နှင့် အဖြူရောင်ပါရှိသော ပန်ဒါအထီး ရှီးကျိုက် (Qizai) ကို ပန်ဒါကြီးမျိုး ထိန်းသိမ်းရေးနှင့် တိုးပွားစေရေး ရည်ရွယ်ချက်ဖြင့် Pandas International အဖွဲ့သို့ မွေးစားရန် ပေးအပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါအဖွဲ့သည် Suzanne Braden နှင့် Diane Rees တို့က ၂၀၀၀ ခုနှစ်တွင် ပူးတွဲတည်ထောင်ခဲ့ပြီး ဒန်ဗားမြို့တွင် ရုံးချုပ်ထားရှိသည့် အကျိုးအမြတ်မယူသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။

ရှီးကျိုက်အား မွေးစားရန် ပေးအပ်ခြင်းမှာ  Pandas International အဖွဲ့က သုတေသနစင်တာသို့ ကာကွယ်ဆေးများ၊ ဓာတ်ခွဲခန်းသုံးပစ္စည်းများ၊ ပန်ဒါသားပေါက်လေးများအတွက် အိပ်ရာငယ်လေးများနှင့် နို့မှုန့်များ လှူဒါန်းခြင်းနှင့် နေ့စဉ်လုပ်ငန်းဆောင်တာများတွင် ကူညီမှုများအပေါ် ကျေးဇူးတင်ရှိခြင်းကို ပြသရာရောက်ကြောင်း သုတေသနစင်တာက ပြောကြားခဲ့သည်။

ကမ္ဘာ့ပထမဆုံး အညိုရောင်ပန်ဒါကို ၁၉၈၅ ခုနှစ်က ချင်းလျင်တောင်များပေါ်၌ ရှာဖွေတွေ့ရှိခဲ့သည်။ ယင်းဒေသရှိ တောတွင်းနေ အညိုရောင်ပန်ဒါများ၏ မှတ်တမ်းဓာတ်ပုံများအားလုံးကို ရိုက်ကူးထားခဲ့ကြောင်း သိရသည်။

နိုင်ငံတကာနှင့် ပြည်တွင်း အဖွဲ့အစည်းများ၊ တစ်သီးပုဂ္ဂလများအနေဖြင့် ပန်ဒါထိန်းသိမ်းစောင့်ရှောက်ရေးတွင် ပိုမိုပါဝင်ဆောင်ရွက်ကြရန် သုတေသနစင်တာက မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)