Connect with us

Economy

ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန် တရုတ်-အာဆီယံ ဒီဂျစ်တယ်ကုန်သွယ်မှုစင်တာ တည်ဆောက်မည်

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ နန်နင်း နိုင်ငံတကာကွန်ဗင်းရှင်းနှင့် ပြပွဲစင်တာအား တွေ့ရစဉ် (ဆင်ဟွာ)

နန်နင်း၊ ဩဂုတ် ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) တို့သည် ဒေသတွင်း ဒီဂျစ်တယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်းအတွက် တရုတ်-အာဆီယံ ဒီဂျစ်တယ် ကုန်သွယ်ရေးစင်တာ တည်ဆောက်ရန် အစီအစဉ်တစ်ခုကို စတင်မိတ်ဆက်ခဲ့ကြောင်း သိရသည်။ 

ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော်နှင့် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ အမြဲတမ်းနေရာဖြစ်သော နန်နင်းမြို့တွင် ရုံးချုပ်ထားရှိလျက် ယင်းစင်တာကို ရုံးအဆောက်အအုံများ၊ ဒီဂျစ်တယ် ဖန်တီးမှုလုပ်ငန်းများ၊ ပလက်ဖောင်း အော်ပရေးရှင်းများ၊ big data ၊ အင်တာနက်ချိတ်ဆက် ပစ္စည်းများနှင့် အခြားအဆောက်အအုံများပါဝင်သော ဒီဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဥယျာဉ်တစ်ခုအဖြစ် စီစဉ်ထားခြင်း ဖြစ်သည်။ ယင်းစီမံကိန်းသည် တရုတ်-အာဆီယံ သတင်းအချက်အလက်ဆိပ်ကမ်း တည်ဆောက်မှုအတွက် အရေးပါကြောင်း သိရသည်။ 

၎င်းစင်တာအား အဆင့်နှစ်ဆင့်ဖြင့် တည်ဆောက်သွားမည် ဖြစ်ကြောင်း ဒေသတွင်းအစိုးရက ဩဂုတ် ၁၈  ရက်က ပြောကြားခဲ့သည်။ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် ယင်းစင်တာ၌ ယွမ် ၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၇၂၄ သန်းခန့်) ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများတွင် နိုင်ငံရပ်ခြား ဂိုဒေါင်နှင့် ပြခန်းစင်တာ ငါးခုကျော် တည်ဆောက်ခြင်းနှင့်အတူ စီးပွားရေးလုပ်ငန်းပေါင်း ၄,၀၀၀ လက်ခံရန် ခွင့်ပြုသွားမည်ဖြစ်သည်။ 

ထို့ပြင် ၂၀၂၂ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်အတွင်း နောက်ထပ် ယွမ် သန်း ၂၀ ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကာ ဒီဂျစ်တယ်-ကုန်သွယ်ရေးဈေးကွက်အဖွဲ့အစည်း ၁၀,၀၀၀ ကျော်အား ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ယင်းအနက် ၁၀ ခုသည် ဝင်ငွေ ယွမ် တစ်ဘီလီယံကျော်စီ ရရှိမည်ဖြစ်ပြီး နောက်ထပ် အဖွဲ့အစည်း ၁၀၀ သည်လည်း  ဝင်ငွေ ယွမ် သန်း ၁၀၀ ကျော်စီ ရရှိမည် ဖြစ်ကြောင်း သိရသည်။ 

တရုတ်နိုင်ငံ နိုင်ငံတကာကုန်သွယ်မှု မြှင့်တင်ရေးကောင်စီ ကွမ်ရှီးကော်မတီ ဥက္ကဋ္ဌ လီချန်းကွမ်က တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် ဒီဂျစ်တယ်စီးပွားရေးနယ်ပယ်တွင် လိုက်ဖက်မှုရှိကြောင်းနှင့် ပူးပေါင်းဆောင်ရွက်မှုအတွက် ကြီးမားသောအလားအလာရှိကြောင်း ပြောကြားခဲ့သည်။ အဆိုပါ စင်တာ တည်ထောင်ခြင်းဖြင့် အနာဂတ်တွင် နှစ်ဦးနှစ်ဘက်ကြား စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ပိုမိုကောင်းမွန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။  (Xinhua)