Connect with us

ASEAN

COVID-19 နှင့်ပတ်သက်၍ အင်ဒိုနီးရှားပြည်သူများ စိုးရိမ်မှုမြင့်တက်နေကြောင်း သမ္မတပြောကြား

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ MRT ရထားဘူတာရုံတစ်ခုတွင် လက်ဆေးရန် တန်းစီနေကြသော နှာခေါင်းစည်းတပ်ဆင်ထားသော တက္ကသိုလ်ကျောင်းသူများအား မတ် ၃ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

ဂျကာတာ ၊ ဩဂုတ် ၃ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံသမ္မတ ဂျိုကိုဝီဒိုဒိုက ပြီးခဲ့သော ရက်သတ္တပတ် အနည်းငယ် ကတည်းက COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု တိုးလာခြင်းအပေါ် နိုင်ငံအတွင်းရှိ ပြည်သူများ စိုးရိမ်ပူပန်မှုမြင့်တက်နေကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။

“ ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်လောက်က စပြီး COVID-19 ရောဂါနဲ့ပတ်သက်လို့ ပြည်သူတွေအကြားမှာ စိုးရိမ်စိတ်တွေ မြင့်တက်လာနေပါတယ် ” ဟု ယနေ့ ဩဂုတ် ၃ ရက် သမ္မတ နန်းတော်မှ ပြုလုပ်သည့် အင်ဒိုနီးရှားအစိုးရအဖွဲ့ ဗီဒီယိုရုပ်သံ အစည်းအဝေးပွဲ၌ သမ္မတ ဝီဒိုဒိုက ထည့်သွင်းပြောကြားခဲ့သည်။

“ မနေ့ကအထိ ကျွန်တော်တို့ သိရတာက နိုင်ငံအတွင်း ကူးစက်ခံရသူပေါင်း ၁၁၁,၀၀၀ ကျော်ရှိပြီး သေနှုန်း ၄.၇ ရာခိုင်နှုန်းရှိခဲ့ပါတယ်။ အဲဒီ သေဆုံးမှုနှုန်းဟာ တစ်ကမ္ဘာလုံးအတိုင်းအတာ သေဆုံးမှုနှုန်းနဲ့ နှိုင်းယှဉ်ရင် ၀.၈ ရာခိုင်နှုန်း ပိုမို မြင့်မားနေပါတယ် ၊ ဒါဟာ ကျွန်တော်တို့နိုင်ငံမှာ ဘာလုပ်ရမလဲဆိုတာ ကျွန်တော်စဉ်းစားနေရတဲ့ ကိစ္စပါပဲ” ဟု ၎င်းကဆိုသည်။

သို့သော် နောက်ဆုံးရရှိသော ကိန်းဂဏန်းအချက်အလက်များပေါ် အခြေခံ၍ အင်ဒိုနီးရှားနိုင်ငံတွင် COVID-19 ရောဂါမှ ပြန်လည်သက်သာကောင်းမွန်လာသူအရေအတွက်သည် ၆၁.၉ ရာခိုင်နှုန်းထိရှိခဲ့ပြီး ပျောက်ကင်းမှုနှုန်း ဆက်လက်မြင့်တက်လာနေကြောင်းလည်း သမ္မတက မီးမောင်းထိုးပြခဲ့သည်။

သမ္မတ ဝီဒိုဒိုက ပြည်သူများ စိုးရိမ်ပူပန်နေမှုအပေါ် ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ နှင့် ပြည်သူ့အမူအကျင့်များကို အပြည့်အဝ အကောင်အထည်ဖော်ဆောင်ရွက်ရေး အထူးအလေးထားဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်ချက်ပေးခဲ့သည်။

မီဒီယာများ၏ ပြီးခဲ့သော ရက်သတ္တပတ်က သတင်းဖော်ပြချက်များအရ အထူးသဖြင့် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ ရုံးများတွင် COVID-19 ဆင့်ကဲ ကူးစက်မှုများ ဖြစ်ပွားနေခြင်းအပေါ် ပြည်သူများအကြား စိုးရိမ်ပူပန်လျက်ရှိကြောင်း ဆိုသည်။ မကြာသေးခင်ရက်များက ဂျကာတာမြို့ရှိ ရုံးများတွင် COVID-19 ကူးစက်မှု အလွန်အကျွံမြင့်တက်လာခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံ COVID-19 လုပ်ငန်းအဖွဲ့က ပြောကြားခဲ့သည်။(Xinhua)