Connect with us

WORLD

ပြင်သစ်နိုင်ငံတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် အသွားအလာကန့်သတ်မှု ဖြည်းဖြည်းချင်းဖြေလျှော့ပေးသွားမည်

ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ Champs-Elysees ရိပ်သာလမ်းနှင့် Arc de Triomphe အထိမ်းအမှတ်နေရာများတွင် ခရစ္စမတ် အပြင်အဆင်မီးရောင်စုံများဖြင့် တွေ့ရစဉ် (ဆင်ဟွာ)

ပဲရစ်၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

ပြင်သစ်နိုင်ငံရှိ ပြည်သူများအနေဖြင့် နိုဝင်ဘာ ၂၈ ရက်မှစတင်ကာ အိမ်အပြင်ဘက်ထွက်၍ လှုပ်ရှားသွားလာမှုများကို လွတ်လွတ်လပ်လပ် ပိုမိုလုပ်ဆောင်နိုင်တော့မည်ဖြစ်ပြီး ကျန်းမာရေး အခြေအနေများဖြင့် ကိုက်ညီမှုရှိပါက ဒီဇင်ဘာ ၁၅ ရက်တွင် နိုင်ငံတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် အသွားအလာကန့်သတ်မှုများကို ဖြေလျှော့နိုင်မည်ဖြစ်ကြောင်း သမ္မတ အီမန်နျူရယ် မက်ခရွန်က ရုပ်မြင်သံကြား မိန့်ခွန်းမှတစ်ဆင့် နိုဝင်ဘာ ၂၄ ရက်၌ ကြေညာခဲ့သည်။

“စနေနေ့ (နိုဝင်ဘာ ၂၈ ရက်) မှာ စာမျက်နှာသစ် ဖွင့်လှစ်နိုင်တော့မှာပါ” ဟု မက်ခရွန်က ဆိုသည်။ နိုဝင်ဘာ ၂၈ ရက်မှစတင်ကာ အိမ်အပြင်ဘက် လှုပ်ရှားမှုများကို တစ်ရက်လျှင် သုံးနာရီအထိ ခွင့်ပြုသွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် ၎င်းတို့၏ နေအိမ်များမှ ကီလိုမီတာ ၂၀ အကွာအဝေးအထိ သွားရောက်နိုင်မည်ဖြစ်သည်။ လက်ရှိတွင် ပြည်သူများအနေဖြင့် အိမ်ပြင်ထွက်လှုပ်ရှားမှုများအတွက် တစ်နာရီနှင့် အကွာအဝေးအားဖြင့် ၁ ကီလိုမီတာသာ သွားရောက်ခွင့်ပြုထားခြင်းဖြစ်သည်။
ထို့ပြင် နိုဝင်ဘာ ၂၈ ရက်မှစတင်ကာ မရှိမဖြစ်မဟုတ်သော ဈေးဆိုင်များကိုလည်း တင်းကြပ်သော ကျန်းမာရေး ကန့်သတ်ချက်များနှင့်အညီ ည ၉ နာရီအထိ ဖွင့်လှစ်ခွင့်ပြုမည်ဟု မက်ခရွန်က ဆိုသည်။

ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ ပိတ်ထားသော စားသောက်ဆိုင်ရှေ့တွင် နှာခေါင်းစည်းတပ်ဆင်ထားသော အမျိုးသမီးတစ်ဦးကို တွေ့ရစဉ် (ဆင်ဟွာ)

လက်ရှိ တင်းကြပ်သော ဆောင်ရွက်ချက်များ ပြည့်မီပါက နိုင်ငံတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် အသွားအလာကန့်သတ်မှုများကို ဒီဇင်ဘာ ၁၅ ရက်တွင် ထပ်မံဖြေလျှော့ပေးသွားမည်ဖြစ်ပြီး ရုပ်ရှင်ရုံများ၊ ပြဇာတ်ရုံများနှင့် ပြတိုက်များကိုလည်း ကျန်းမာရေးဆောင်ရွက်မှုများ ကြပ်မတ်၍ ပြန်လည်ဖွင့်လှစ်ခွင့်ပြုသွားမည် ဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်။

ပြင်သစ်နိုင်ငံတစ်ဝန်းဒီဇင်ဘာ ၁၅ ရက်တွင် ကိုရိုနာဗိုင်းရပ်စ် အသွားအလာကန့်သတ်မှု လျှော့ချပေးသွားမည် ဖြစ်ပြီး ညမထွက်ရအမိန့်ကိုလည်း ည ၉ နာရီမှ နံနက် ၇ နာရီအထိ သက်မှတ်သွားမည်ဖြစ်ကြောင်း သမ္မတ မက်ခရွန်က ပြောခဲ့သည်။ စားသောက်ဆိုင်များနှင့် အားကစားခန်းမများကိုလည်း ဇန်နဝါရီ ၂၀ ရက်တွင် ပြန်လည်ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

“ကျွန်တော်တို့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေ ဆက်ပြီးလုပ်သွားမှာပါ။ ပြည်သူတွေအနေနဲ့လည်း ဖြစ်နိုင်သမျှ မလိုအပ်ဘဲ ခရီးမထွက်ကြဖို့ တိုက်တွန်းပါတယ်” ဟု မက်ခရွန်က ဆိုသည်။ စက်တင်ဘာလမှစ၍ ပြင်သစ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုသည် ပထမလှိုင်းစတင်ဖြစ်ပွားစဉ်ကာလကထက် ပိုမိုမြင့်တက်ခဲ့ပြီး နိုင်ငံတစ်ဝန်း အောက်တိုဘာ ၃၀ ရက်တွင် အသွားအလာကန့်သတ်မှု ဒုတိယလှိုင်း သတ်မှတ်ခဲ့သည်။

ပြင်သစ်နိုင်ငံတွင် ၂၄ နာရီအတွင်း ရောဂါကူးစက်မှုအသစ် ၉,၁၅၅ ဦးရှိခဲ့ရာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားသူ အရေအတွက် စုစုပေါင်း ၂,၁၅၃,၈၁၅ ဦးရှိလာပြီဖြစ်ကြောင်း၊ သေဆုံးသူအသစ်အနေဖြင့် ၄၅၈ ဦးရှိခဲ့ပြီး ကပ်ရောဂါ စတင်ဖြစ်ပွားချိန်မှစတင်၍ သေဆုံးသူ စုစုပေါင်း ၅၀,၂၃၇ ဦးအထိ ရှိလာကြောင်း သိရသည်။

ကမ္ဘာကြီးသည် ကပ်ရောဂါထိန်းချုပ်ရန် ရုန်းကန်နေရသဖြင့် ပြင်သစ်၊ တရုတ်၊ ရုရှား၊ ယူကေနှင့် အမေရိကန် စသည်တို့အပါအဝင် နိုင်ငံများစွာသည် ကာကွယ်ဆေးရရှိရန် အပြိုင်အဆိုင်ရှာဖွေလျက်ရှိသည်။နိုဝင်ဘာ ၁၂ ရက်အထိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဝက်ဘ်ဆိုက်အရ ကမ္ဘာတစ်ဝန်း COVID-19 ကာကွယ်ဆေး ဖော်ထုတ်မှု ၂၁၂ ခုရှိပြီး ယင်းအနက် ၄၈ ခုမှာ လက်တွေ့စမ်းသပ်မှုများ လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.