Connect with us

WORLD

ဥရောပကောင်စီ ဥက္ကဋ္ဌ မိုက်ကယ် အသွားအလာကန့်သတ်နေထိုင်သည့်အတွက် အီးယူအစည်းအဝေးရွေ့ဆိုင်း

ဥရောပကောင်စီ ဥက္ကဋ္ဌ ချားလ်စ်မိုက်ကယ်ကို တွေ့ရစဉ် (ဓာတ်ပုံ- European Union/Handout via Xinhua)

ဘရပ်ဆဲလ် ၊စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)

ဥရောပကောင်စီ ဥက္ကဋ္ဌ ချားလ်စ် မိုက်ကယ်သည် စက်တင်ဘာ ၂၂ ရက်တွင် အသွားအလာကန့်သတ်နေထိုင်ခဲ့ပြီးနောက် ဥရောပသမဂ္ဂ (EU) ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးကို ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ကြောင်း ၎င်း၏ပြောရေးဆိုခွင့်ရှိသူက တွစ်တာ၌ ပြောကြားခဲ့သည်။

အီးယူ အကြီးအကဲသည် လွန်ခဲ့သောသီတင်းပတ် အစောပိုင်းက ၎င်းနှင့်အနီးကပ်ထိတွေ့ခဲ့သော လုံခြုံရေးအရာရှိတစ်ဦးတွင် COVID-19 ရောဂါပိုး ရှိနေသည်ကို စက်တင်ဘာ ၂၂ ရက်က သိရှိခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူ Barend Leyts ကပြောကြားခဲ့သည်။

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲမြို့ရှိ ဥရောပကော်မရှင် ရုံးချုပ်အနီးတွင် နှာခေါင်းစည်းတပ်ဆင်ထားသော အမျိုးသမီးတစ်ဦး လမ်းလျှောက်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

Michel ကို စက်တင်ဘာ ၂၁ ရက်က ပုံမှန်စမ်းသပ်ခဲ့ရာတွင် ရောဂါပိုးမရှိကြောင်း ပြသခဲ့သော်လည်း ဘယ်လ်ဂျီယံ ဥပဒေများအရ အသွားအလာကန့်သတ်စောင်ကြည့်မှုခံယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း Leyts က တွစ်တာ၌ ပြောကြားခဲ့သည်။

မူလက စက်တင်ဘာ ၂၄ ရက်မှ ၂၅ ရက်အထိ ပြုလုပ်ရန်စီစဉ်ထားသည့် လူကိုယ်တိုင်တက်ရောက်ရသည့်အစည်းအဝေးကို အောက်တိုဘာ ၁ ရက်မှ ၂ ရက်အထိ ရွှေ့ဆိုင်းလိုက်ပြီး အဆိုပါ အစည်းအဝေး၌ ဥရောပသမဂ္ဂ ခေါင်းဆောင်များ တွေ့ဆုံကာ ဘုံဈေးကွက်၊ စက်မှုလုပ်ငန်းမူဝါဒများ နှင့်ဒီဂျစ်တယ် အသွင်ကူးပြောင်းမှုများနှင့် ပြင်ပ ဆက်ဆံရေး စသည်တို့ ဆွေးနွေးကြမည်ဖြစ်သည်။ အဆိုပါ အစည်းအဝေးသည် COVID-19 ကပ်ရောဂါအခြေအနေ ကိုသုံးသပ်ရန် အခွင့်အလမ်းတစ်ခုလည်းဖြစ်မည် ဖြစ်သည်။

ယင်းအစည်းအဝေးကို အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ဥရောပသမဂ္ဂ ရုံးချုပ်တည်ရှိရာ ဘယ်လ်ဂျီယံနိုင်ငံတွင် စက်တင်ဘာ ၁၀ ရက်မှ ၁၆ ရက် ရက်သတ္တပတ်တွင် COVID-19 ကူးစက်ခံရမှု စုစုပေါင်း ၇,၇၄၉ ခုရှိခဲ့ရာ ပျှမ်းမျှတစ်ရက်တွင် ကူးစက်မှု ၁,၁၀၇ ရှိခဲ့ကြောင်း သိရသည်။

တစ်ကမ္ဘာလုံး  COVID-19 ကပ်ရောဂါ ကူးစက်ခံနေရချိန်တွင် ဗြိတိန်၊ ဂျာမနီ၊ တရုတ်၊ ရုရှား၊ ပြင်သစ်နှင့် အမေရိကန် အပါအဝင် ကမ္ဘာ့နိုင်ငံများသည် ကာကွယ်ဆေးရရှိရန် အပြိုင်အဆိုင် လုပ်ဆောင်လျက်ရှိသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ဝက်ဘ်ဆိုက်ဖော်ပြချက်အရ စက်တင်ဘာ ၁၇ ရက်အထိ ကမ္ဘာတစ်ဝန်းတွင် COVID-19 ကာကွယ်ဆေး အဆိုပြုမှု ၁၈၂ ခုရှိနေပြီး ၃၆ ခုမှာ လက်တွေ့စမ်း သပ်မှုများပြုလုပ်နေပြီးဖြစ်ကြောင်း သိရသည်။  (Xinhua)