Connect with us

WORLD

မလေးရှားနိုင်ငံ၌ COVID-19 ထိန်းချုပ်ရန် ဘက်ပေါင်းစုံတင်းကြပ်မှုများ တိုးမြင့်ဆောင်ရွက်

မလေးရှားနိုင်ငံ ပူထရာဂျာယာ၌ COVID-19 ထိန်းချုပ်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ စစ်ဆေးရေးဆောင်ရွက်နေစဉ်(ဆင်ဟွာ)

ကွာလာလမ်ပူး ၊ မတ် ၂၅ ရက်(ဆင်ဟွာ)

မလေးရှားနိုင်ငံ၌ COVID-19 ထိန်းချုပ်ရေးကြိုးပမ်းမှုတစ်ခုအနေဖြင့် ဧပြီ ၁၄ ရက် အထိ ရက်သတ္တပတ် နှစ်ပတ်တာ ဘက်ပေါင်းစုံတင်းကြပ်မှုဆောင်ရွက်သွားရန် ပြည်သူများ လှုပ်ရှားသွားလာမှုကန့်သတ်ချက်ကို တိုးမြင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် မူယီဒင်ယာစင်က မတ် ၂၅ ရက်တွင် ကြေညာခဲ့သည်။

ရုပ်မြင်သံကြားမှတစ်ဆင့် မိန့်ခွန်းပြောကြားရာတွင် မူယီဒင်က နိုင်ငံအတွင်း ယနေ့ မတ် ၂၅ရက် ညနေပိုင်းအထိ နောက်ထပ်ကူးစက်လူနာ ၁၇၂ ဦးတိုးမြင့်လာသဖြင့် နိုင်ငံအတွင်း COVID-19 ကူးစက်ခံထားရသူ စုစုပေါင်း ၁,၇၉၆ ဦးထိ ရှိသွားပြီးဖြစ်ကြောင်း နှင့် သေဆုံးသူ ၁၇ ဦးထိ ရှိလာကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

မလေးရှားနိုင်ငံ ပူထရာဂျာယာ၌ COVID-19 ထိန်းချုပ်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ စစ်ဆေးရေးဆောင်ရွက်နေစဉ်(ဆင်ဟွာ)

လှုပ်ရှားသွားလာမှု ကန့်သတ်ချက်အမိန့်ထုတ်ပြန်ရခြင်းမှာ ကူးစက်ရောဂါပြန့်နှံ့မှုကို အောင်မြင်စွာထိန်းချုပ်နိုင်ရန်အတွက် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ မလေးရှားနိုင်ငံသည် မတ် ၁၈ ရက်မှ စတင်ကာ ကျောင်းများ ၊ ဈေးဆိုင်များ ပိတ်ထားခြင်းအပါအဝင် လှုပ်ရှားသွားလာမှု ကန့်သတ်ချက်ကို လုပ်ဆောင်ခဲ့ပြီး ခရီးသွားလာခွင့် ပိတ်ပင်မှုများလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

COVID-19 ထိန်းချုပ်ရေးအတွက် ကြိုးပမ်းမှုတစ်ခုအနေဖြင့် ပြည်သူများအနေဖြင့် နေအိမ်၌ နေထိုင်ကြရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။ လှုပ်ရှားသွားလာမှုကန့်သတ်ချက်သည် မူလက မတ် ၃၁ ရက်တွင် ပြီးဆုံးရန် သတ်မှတ်ခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် COVID-19 လူနာများအတွက် နိုင်ငံတစ်ဝန်းရှိ ဆေးရုံ ၃၄ ရုံတွင် ကုတင်ပေါင်း ၃,၅၀၀ ကျော်ပြင်ဆင်ထားကြောင်း ၊ လက်ရှိတွင် အဆိုပါကုတင်များ၏ ၃၄ ရာခိုင်နှုန်းမှာ လူနာများ နေရာယူထားပြီးဖြစ်ကြောင်း မူယီဒင်က ဆိုသည်။

ပြည်သူများအတွက် အစားအစာအလုံအလောက်ရှိကြောင်း ၊ ထိတ်ထိတ်ပျာပျာဈေးဝယ်ခြင်းများမပြုလုပ်ကြရန် နှင့် ငြိမ်ငြိမ်သက်သက်နေထိုင်ကြရန် တိုက်တွန်းပါကြောင်း မူယီဒင် ကဆိုသည်။

 

“ အေးဆေးနေကြပါ၊ မထိတ်လန့်ကြပါနဲ့။ လှုပ်ရှားသွားလာမှု ကန့်သတ်ချက် တိုးမြှင့်လိုက်ပေမယ့် အစားအသောက် မလုံလောက်မှာ ခင်ဗျားတို့ စိုးရိမ်ပူပန်စရာမရှိပါဘူး။  ဘာကြောင့်လဲဆိုတော့ လုံလုံလောက်လောက်ထောက်ပံ့ပေးနိုင်တယ် ၊ လူတိုင်းအတွက် အစားအသောက် အလုံအလောက်ရှိတယ်ဆိုတာကို ကျွန်တော်အာမခံပါတယ်” ဟု ၎င်းကဆိုသည်။  (Xinhua)