Connect with us

WORLD

အီတလီနိုင်ငံ၌ COVID-19 ဖြင့် သေဆုံးသူ အရေအတွက် သုံးပတ်နီးပါကာလအတွင်း အနည်းဆုံး မှတ်တမ်းဝင် 

အီတလီနိုင်ငံ ရောမမြို့တွင် နှာခေါင်းစည်းတပ်ဆင်သွားလာနေသူများအားတွေ့ရစဉ်(ဆင်ဟွာ)

ရောမ ၊ ဧပြီ ၆ ရက်(ဆင်ဟွာ)

အီတလီနိုင်ငံတွင် ပြီးခဲ့သော ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ်ဖြင့်သေဆုံးသူ ၅၂၅ ဦးရှိခဲ့ရာ မတ်လ ၁၉ ရက် နောက်ပိုင်း တစ်ရက်တာအတွင်း COVID-19 ရောဂါဖြင့် လူသေဆုံးမှု အနည်းဆုံး ရက်တစ်ရက်အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း ကျန်းမာရေးဌာန တာဝန်ရှိသူများက ဧပြီ ၅ ရက်တွင် ပြောကြားခဲ့သည်။

တစ်ရက်အတွင်း လူသေဆုံးမှု အများဆုံးမှာ မတ် ၂၇ ရက်ကဖြစ်ပြီး ယင်းနေ့တွင် ၉၆၉ ဦးထိသေဆုံးခဲ့ကြောင်း ၊ ယင်းကာလနောက်ပိုင်း သေဆုံးမှုနှုန်းတဖြည်းဖြည်း လျော့ကျလာခဲ့ကြောင်း သိရသည်။ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်နှံ့ခဲ့ပြီးနောက် အီတလီနိုင်ငံ၌ ပထမဆုံး လူသေဆုံးမှုမှာ ဖေဖော်ဝါရီ ၂၀ ရက်တွင် ဖြစ်ပွားခဲ့သည်။ လက်ရှိအချိန်ထိ နိုင်ငံအတွင်းသေဆုံးသူ အရေအတွက် စုစုပေါင်း ၁၅,၈၈၇ ဦးရှိကြောင်း နှင့် အခြားသော ရောဂါဖြစ်ပွားသည့် နိုင်ငံများထက် သေဆုံးသူဦးရေပိုမိုများပြားကြောင်း တရားဝင်ကိန်းဂဏန်းများအရ သိရသည်။

အီတလီနိုင်ငံတွင် COVID-19 စတင်ဖြစ်ပွားချိန်မှ ယခုအထိ လူပေါင်း ၁၂၈,၉၄၈ ဦး ရောဂါကူးစက်ခံခဲ့ရကြောင်း ၊ ဧပြီ ၄ ရက်အထိ ကူးစက်ခံရသူအရေအတွက်မှာ ၁၂၄,၆၃၂ ဦးရှိကြောင်း ၊ ဧပြီ ၄ ရက်တွင် ရောဂါဖြစ်ပွားဆဲ လူနာ ၈၈,၂၇၄ ဦးရှိခဲ့ရာမှ ဧပြီ ၅ ရက်တွင် ၉၁,၂၄၆ ဦးထိ မြင့်တက်ခဲ့ကြောင်း သိရသည်။ 

ရောဂါကူးစက်ခံထားရသူများအနက် ဆေးရုံပေါ်တွင် ၂၈,၉၄၉ ဦး ဆေးကုသမှုခံယူနေပြီး ၎င်းတို့ထဲမှ ၃,၉၇၇ ဦးမှာ အထူးကြပ်မတ်ဆောင်တွင် ကုသမှုခံယူလျက်ရှိသည်။ ကျန်ရှိသော ကူးစက်ခံထားရသည့် လူပေါင်း ၆ သောင်းနီးပါးမှာ ၎င်းတို့၏ နေအိမ် အသီးသီး၌ပင် တစ်ကိုယ်ရေသီးခြား နေထိုင်လျက်ရှိကြောင်း သိရသည်။အီတလီနိုင်ငံတွင် ဧပြီ ၅ ရက်အထိ COVID-19 ရောဂါပြန်လည် သက်သာကောင်းမွန်လာသူ ၂၁,၈၁၅ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။ (Xinhua)  

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.