Connect with us

Agriculture

တောင်သူလယ်သမားများအတွက် သင့်တင့်မျှတသော ဈေးကွက် နှင့် ဈေးနှုန်း ဖြစ်ပေါ်စေရေး အခြေခံ ရည်ညွှန်း စပါး ဈေးနှုန်း ထုတ်ပြန်

ပဲခူးတိုင်းဒေသကြီး အတွင်းရှိ လယ်ယာ စိုက်ကွင်း တစ်ခုအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ အောက်တိုဘာ ၁၅ ရက်(ဆင်ဟွာ)

စပါးသီးနှံစိုက်ပျိုးထုတ်လုပ်သော တောင်သူလယ်သမားများအတွက် သင့်တင့်မျှတသော ဈေးကွက်နှင့် ဈေးနှုန်း ဖြစ်ပေါ်စေရေးအတွက် စိုက်ပျိုးထုတ်လုပ်မည့် စပါးသီးနှံအတွက် အခြေခံရည်ညွှန်းစပါးဈေးနှုန်းအား တောင်သူ လယ်သမား အခွင့်အရေး ကာကွယ်ရေး နှင့် အကျိုးစီးပွား မြှင့်တင်ရေး ဦးဆောင်အဖွဲ့မှ ယနေ့ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာခဲ့သည်။

အစိုဓာတ် (၁၄)ရာခိုင်နှုန်းရှိ၍ အဖျင်းအမှော် ၊ ဖုန် ၊ သဲ ၊ ခဲ ကင်းစင်ပြီး အရည်အသွေးဆိုင်ရာ သတ်မှတ် စံချိန် စံညွှန်း များနှင့် ကိုက်ညီသည့် တစ်တင်း (၄၆)ပေါင်ကိုက် စပါးတင်း(၁၀၀)၏ အခြေခံရည်ညွှန်းဈေးနှုန်းကို ကျပ်ငွေ ၅ သိန်း အဖြစ် သတ်မှတ်လိုက်ကြောင်း သိရသည်။

ဈေးကွက်ပေါက်ဈေးသည် အခြေခံရည်ညွှန်းဈေးနှုန်းအပေါ်တွင်ဖြစ်ပါက ဈေးကွက်ပေါက်ဈေးအတိုင်း ဝယ်ယူရန်နှင့် ဈေးကွက် ပေါက်ဈေးသည် အခြေခံရည်ညွှန်းဈေးနှုန်းအောက်တွင်ဖြစ်ပါက အခြေခံဈေးနှုန်းအတိုင်း ဝယ်ယူ ရမည် ဖြစ်ကြောင်း ၊ ယခုသတ်မှတ်သော အခြေခံရည်ညွှန်းဈေးနှုန်းသည် ၂၀၁၉ ခုနှစ် မိုးစပါးနှင့် ၂၀၂၀ ခုနှစ် နွေစပါး တို့အတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အခြေခံရည်ညွှန်းဈေးနှုန်းဖြင့်  ရောင်းချရန် အခက်အခဲရှိသော တောင်သူလယ်သမားများအနေဖြင့် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်၏ မြို့နယ်ကိုယ်စားလှယ်များသို့ဖြစ်စေ၊ အသင်းချုပ်ရုံးချုပ် (ဖုန်း ၀၁-၂၃၀၁၁၂၈၊ ၀၁-၂၃၀၁၁၂၉၊ ၀၁-၂၁၈၂၆၆) သို့ ဖြစ်စေ ဆက်သွယ်နိုင်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။(Xinhua)