Connect with us

Culture & Entertainment

တိုင်းရင်းသားလူမျိုး များ၏ ရိုးရာယဉ်ကျေးမှု နှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးပွဲတော် ဖြစ်သည့် သွေးချင်းတို့ရဲ့ ပွဲတော်ဆီ ပွဲတော် ရန်ကုန်မြို့၌ ကျင်းပ 

သွေးချင်းတို့ရဲ့ ပွဲတော်ဆီ ပွဲတော် ကျင်းပမှု မြင်ကွင်းများ (ဆင်ဟွာ)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁ ရက်(ဆင်ဟွာ)

တိုင်းရင်းသားလူမျိုး များ၏ ရိုးရာယဉ်ကျေးမှု နှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးပွဲတော် ဖြစ်သည့် သွေးချင်းတို့ရဲ့ ပွဲတော်ဆီ(၂၀၂၀) ပွဲတော်အား ရန်ကုန်မြို့ရှိ ကျိုက္ကဆံကွင်း၌ ယနေ့ ဖေဖော်ဝါရီ ၁ ရက်တွင် စတင် ကျင်းပ ပြုလုပ်ခဲ့သည်။

သွေးချင်းတို့ရဲ့ ပွဲတော်ဆီ ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ အချိန်အခါတွင် နိုင်ငံ၌ တိုင်းရင်းသားများအားလုံး စည်းလုံးညီညွတ်မှု ၊ ချစ်ကြည်လေးစားမှု ၊ ရိုင်းပင်းကူညီမှုများ ပိုမို လိုအပ်လာသည့် အချိန်အခါလည်း ဖြစ်ကြောင်း ၊ ထို့အပြင် ပြည်ထောင်စု သားချင်းများ တစ်ဦးချင်းစီ၏ စိတ်ဓာတ် ၊ စည်းကမ်း ၊ ပညာ ၊ လုံလဝီရီယ ၊ ရိုးသားဖြောင့်မတ်မှု စသည့် အရည်အချင်းများ ပိုမို မြင့်မား ခိုင်မာလာအောင် တည်ဆောက်ရမည့် အချိန်လည်း ဖြစ်ကြောင်း ၊ အချင်းချင်း ရိုင်းပင်းကူညီမှု ၊ ချစ်ခင်လေးစားမှုများကို အခြေခံပြီး ငြိမ်းချမ်းရေးကို အရယူနိုင်သည့် ပုဂ္ဂိုလ်များလည်း ဖြစ်စေချင်ကြောင်း ၊ ယခုလို အချိန်တွင် အရည်အသွေးစုံ တိုင်းရင်းသားများ ပေါင်းစုပြီး တိုင်းရင်းသားများ၏ ဖွံ့ဖြိုးတိုးတက်ရေး အတွက် တစ်ဖက်တစ်လမ်းကနေ အထောက်အကူ ဖြစ်စေမည့် ယခုလို ပွဲတော်မျိုး ကျင်းပကြခြင်းသည် အင်မတန်မှ သင့်တော်အားရစရာကောင်းကြောင်း ပြောကြားခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖွင့်အမှာစကား ပြောကြားစဉ်(ဆင်ဟွာ)

“သဘာဝကြီးက လှပစွာ ဖန်တီးပေးထားတဲ့ သဘာဝ ပတ်ဝန်းကျင် အလှများ ၊ သယံဇာတများ ၊ ရိုးရာ အထည်များ အပါအဝင် ဒေသထွက်ကုန်များ ၊ သစ်ဆန်းတီထွင်ဥာဏ်နဲ့ ခေတ်ပေါ်နည်းပညာကို အခြေပြုပြီး ခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး၊ ထွက်ကုန်များ အဆင့်မြှင့်တင်နိုင်ရေး ၊ ပြည်တွင်း ပြည်ပ ခရီးသွားများအတွက် ရပ်ရွာအခြေပြု ခရီးသွား လုပ်ငန်းများ မြှင့်တင်နိုင်ရေး စသည်တို့ကို တစ်ဆင့်ထက်တစ်ဆင့် မြင့်မားတိုးတက်လာအောင် ဆောင်ရွက်သွားကြနိုင်မယ်လို့ ယုံကြည်ပါတယ်။”ဟု ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူက အဖွင့်အမှာစကား ပြောကြားစဉ်(ဆင်ဟွာ)

သွေးချင်းတို့ရဲ ပွဲတော်ဆီ ပွဲတော် မုခ်ဦး နှင့် တိုင်းရင်းသား ရိုးရာ ပြခန်းများ ဖွင့်ပွဲ အခမ်းအနားကိုလည်း နံနက်ပိုင်းတွင် ကျင်းပ ပြုလုပ်ခဲ့ရာ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူက ယခု ပွဲတော်သည် တိုင်းရင်းသား လူမျိုးများ၏ ဒေသ ဖွံ့ဖြိုးရေး ၊ ခရီးသွား လုပ်ငန်း ၊ ရပ်ရွာ အခြေပြု ခရီးသွား လုပ်ငန်း ၊ ဒေသ ထွက်ကုန် ၊ တိုင်းရင်းသား အချင်းချင်း အသိအမြင် ဗဟုသုတ နှင့် ဒေသ ထွက်ကုန်များ ဖလှယ်နိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပသည့် ပွဲတော် ဖြစ်သည့် အတွက် အင်မတန်မှ အကျိုးများသော ပွဲတော် ဖြစ်ကြောင်း ၊ တိုင်းရင်းသားများ၏ ချစ်ကြည်ရင်းနှီးမှု ၊ စည်းလုံးညီညွတ်မှုကို ဖော်ဆောင်သည့် ပွဲတော်လည်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တိုင်းရင်းသားများ အနေဖြင့် ခရီးသွား လုပ်ငန်းကဲ့သို့ ဝန်ဆောင်မှု လုပ်ငန်းများနှင့် ဒေသထွက်ကုန် ပစ္စည်းများကို ပြည်တွင်း ဈေးကွက်သာမက ပြည်ပ ဈေးကွက်ကိုပါ ထိုးဖောက်နိုင်အောင် တန်ဖိုးမြှင့် ထုတ်ကုန်များ ၊ အဆင့်မြင့် ဝန်ဆောင်မှုများ ပေးနိုင်အောင် တီထွင် ဖန်တီးမှု ရှိရှိ ဆောင်ရွက်သွားကြရန် ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူက တိုက်တွန်း ပြောကြားခဲ့သည်။

တိုင်းရင်းသား လူမျိုးများ ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး နိုင်သက်လွင်က အဖွင့်အမှာစကား ပြောကြားစဉ်(ဆင်ဟွာ) 

တိုင်းရင်းသား လူမျိုးများ ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး နိုင်သက်လွင်က ပွဲတော်၌ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု အကအလှများ၊ တေးသီချင်းဖျော်ဖြေမှုများ၊ တိုင်းရင်းသားများ၏ နေထိုင်မှုများနှင့် အသုံးအဆောင်ပစ္စည်းများကို ပြသသည့် ယဉ်ကျေးမှုပြခန်းများ၊ ဒေသအသီးသီးမှ တိုင်းရင်းသားရိုးရာအစားအစာများ၊ ရိုးရာဝတ်စုံများနှင့် ထွက်ကုန်ပစ္စည်းများရောင်းချမည့် ဈေးဆိုင်တန်းများ၊ အမှတ်တရဓာတ်ပုံများရိုက်ကူးနိုင်မည့်နေရာများ၊ တိုင်းရင်းသူအလှမယ် Miss Ethnics Myanmar 2020 ရွေးချယ်ပွဲ တို့ကို ကျင်းပသွားမည် ဖြစ်သည့် အတွက် တစ်နေရာတည်းတွင် မြန်မာနိုင်ငံရှိ တိုင်းရင်းသားဒေသများကို ရောက်ရှိသွားသည်ဟု ခံစားရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

သွေးချင်းတို့ရဲ့ ပွဲတော်ဆီ ပွဲတော်သည် တိုင်းရင်းသားအားလုံးအတွက် ကျင်းပသော ပွဲတော်ဖြစ်သည့်အတွက် တိုင်းရင်းသားများအချင်းချင်း တစ်ဦးနှင့်တစ်ဦး မတူကွဲပြားသည့် ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများကို ပိုမိုသိရှိနားလည်ကြပြီး ရင်းနှီးချစ်ကြည်မှုများ ပိုမိုရရှိနိုင်မည် ဖြစ်ကြောင်း ၊ ချစ်ခင်ယုံကြည်မှုမှသည် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်သည်အထိ ဦးတည်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီး နိုင်သက်လွင်က ထည့်သွင်း ပြောကြားခဲ့သည်။ 

ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အဖွင့်အမှာစကား ပြောကြားစဉ်(ဆင်ဟွာ) 

ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “ရန်ကုန်မြို့ရဲ့ ကျိုက်က္ကဆံကွင်းအတွင်းမှာ တိုင်းရင်းသားလူမျိုးပေါင်းစုံ စုံစုံညီညီနဲ့ ဒီနေရာမှာ ရောက်ရှိပြီး ကျွန်တော်တို့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွန်တော်တို့ရဲ့ ပုဂ္ဂလိကဏ္ဍ၊ စီးပွားရေးကဏ္ဍနယ်ပယ်အသီးသီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒီနေရာမှာစုစည်းပြီး တိုင်းရင်းသားလူမျိုးအားလုံးရဲ့ ယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာတွေ၊ တိုင်းရင်းသား ယဉ်ကျေးမှုနယ်မြေတွေမှာ ရှိနေကြတဲ့ စီးပွားရေးလုပ်ငန်းတွေကို ဒီနေရာမှာ ပြသပြီး ကျွန်တော်တို့ရဲ့ ညီညွတ်မှု၊ ကျွန်တော်တို့ နိုင်ငံရဲ့ ဒီမိုကရေစီ တည်ဆောက်နေမှုကို ပြသနိုင်တဲ့ ညီညွတ်တဲ့ အမှတ်သင်္ကေတတစ်ခုဖြစ်ပါတယ်။”ဟု ပြောကြားခဲ့သည်။ 

သွေးချင်းတို့ရဲ့ ပွဲတော်ဆီ ပွဲတော် ကျင်းပမှု မြင်ကွင်းများ (ဆင်ဟွာ)

သွေးချင်းတို့ရဲ့ ပွဲတော်ဆီ ပွဲတော် ကျင်းပမှု မြင်ကွင်းများ (ဆင်ဟွာ)

သွေးချင်းတို့ရဲ့ ပွဲတော်ဆီ ပွဲတော်တွင် ကချင် ၊ ကယား ၊ ကရင်၊ ချင်း ၊ မွန် ၊ ဗမာ ၊ ရခိုင် ၊ ရှမ်း ၊ ဝ ၊ ကိုးကန့် ၊ တအာင်း၊ ပအိုဝ်း ၊ နာဂ ၊ ဓနု တိုင်းရင်းသားတို့၏ ပြခန်းများ အပါအဝင် တိုင်းရင်းသား လူမျိုးတစ်စု ချင်းစီ၏ စုပေါင်းအကအလှများ ၊ တေးသံရှင်များ၏ ဖျော်ဖြေမှုများ နှင့် တိုင်းရင်းသားရိုးရာ စားသောက်ဆိုင်များ စသဖြင့် အစီအစဉ်များစွာဖြင့် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

ပထမအကြိမ် တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းမြှင့်တင် ရေးပွဲတော် “သွေးချင်းတို့ရဲ့ပွဲတော်ဆီ”ကို ရန်ကုန်တိုင်းဒေသကြီး၊ ကျိုက္ကဆံအားကစားကွင်း၌ ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလတွင် ကျင်းပခဲ့ပြီး ယခုနှစ် “သွေးချင်းတို့ရဲ့ပွဲတော်ဆီ” ပွဲတော်ကို၂၀၂၀ပြည့်နှစ်၊ဖေဖော်ဝါရီလ ၁ ရက်မှ ၇ ရက်အထိ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။  

အဆိုပါ ပွဲတော်ကို တိုင်းရင်းသား လူမျိုးများ ရေးရာ ဝန်ကြီးဌာန ၊ စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ နှင့် ကယားပြည်နယ် အစိုးရ အဖွဲ့တို့၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံ တိုင်းရင်းသား လုပ်ငန်းရှင်များ အသင်း နှင့် ကယားပြည်နယ် တိုင်းရင်းသား လုပ်ငန်းရှင်များ အသင်းတို့မှ ဦးဆောင်ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)