Connect with us

Culture & Entertainment

အမျိုးသားပြတိုက် (နေပြည်တော်) တွင် မြန်မာ့ လက်မှု အနုပညာပြခန်း ၊ အာဆီယံ ပြခန်းများကို ဖေဖော်ဝါရီလ တတိယပတ်တွင် အပြီးသတ် ခင်းကျင်း ဖွင့်လှစ်သွားမည်

အမျိုးသားပြတိုက် (နေပြည်တော်) တည်ဆောက်နေမှု မြင်ကွင်းအား တွေ့ရစဉ် (ဓာတ်ပုံ-ယဉ်ကျေးမှု ဝန်ကြီးဌာန)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ)

အမျိုးသား ပြတိုက် (နေပြည်တော်) ၏ တည်ဆောက် ပြီးစီးမှု အရ မြန်မာ့ လက်မှု အနုပညာ ပြခန်းနှင့် အာဆီယံ ပြခန်းများကို ယခု ဖေဖော်ဝါရီလ တတိယပတ် နှင့် သီဟာသန ပလ္လင်ပြခန်း နှင့် ကလေးသူငယ် ပညာပေး ပြခန်းများကို မတ်လ ပထမပတ်တွင် အပြီးသတ် ခင်းကျင်း ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာနမှ သိရသည်။

အမျိုးသား ပြတိုက် (နေပြည်တော်) တွင် အဆောင် C ၊ D နှင့် E တို့၏ တည်ဆောက်ရေး လုပ်ငန်းများမှာ ယခု ဘဏ္ဍာနှစ် အတွင်း ပြီးစီးမည် ဖြစ်ပြီး ယခုအခါ အဆောင် D တွင် မြန်မာ့ လက်မှု အနုပညာပြခန်း၊ အာဆီယံ ပြခန်း၊ ကလေးသူငယ် ပညာပေး ပြခန်းနှင့် အထူးပြပွဲ ပြခန်းတို့ ပါဝင်ပြီး အဆောင် C တွင် သီဟာသန ပလ္လင် ပြခန်း ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

ထိုပြခန်းများ အနက် မြန်မာ့ လက်မှု အနုပညာ ပြခန်း၊ အာဆီယံ ပြခန်း၊ ကလေးသူငယ် ပညာပေး ပြခန်းများတွင် Panel ကာရံခြင်း လုပ်ငန်း များမှာ ၉၀ ရာခိုင်နှုန်း ပြီးစီး နေပြီး ပြခန်းသုံး မီးများ တပ်ဆင်ခြင်း လုပ်ငန်းများမှာ ၉၅ ရာခိုင်နှုန်း ပြီးစီး နေပြီ ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ခင်းကျင်းပြသမှု အထောက် အကူပြု ပစ္စည်းများ ဖြစ်သည့် တင်ခုံများ၊ ပစ္စည်းပြ မှန်ဗီရိုများနှင့် ပုံစံတူ၊ ပုံစံ ငယ်များမှာ ပြုလုပ်ဆဲ ရှိပြီး၊ အဆောင် C အတွင်းရှိ သီဟာသန ပလ္လင် ပြခန်း အတွက် သီဟာသန ပလ္လင် ပုံစံတူ အစိတ် အပိုင်းများ ရောက်ရှိနေပြီ ဖြစ်ကာ မြန်မာမှု အမွှမ်းပန်းများ တပ်ဆင်ခြင်း လုပ်ငန်းများ ပြီးစီးသည့် အချိန်တွင် တပ်ဆင် ခင်းကျင်းမည် ဖြစ်ကြောင်း သိရသည်။

အမျိုးသား ပြတိုက် (နေပြည်တော်) သည် အဆောင် A, B, C, D နှင့် E ဟူ၍ (၅) ဆောင် ရှိပြီး၊ အဆောင် A နှင့် အဆောင် B ရှိ ပြခန်း (၇) ခန်း ကို ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ (၁၅) ရက်နေ့က ပထမအဆင့် အဖြစ် ဖွင့်လှစ် ခဲ့ပြီး ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.