Connect with us

Education & Health

အာဖရိကဝက်အပြင်းဖျားရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ချက် ထုတ်ပြန်

အာဖရိကဝက်အပြင်းဖျားရောဂါလက္ခဏာပုံစံများအားတွေ့ရစဉ် (ဓာတ်ပုံ-- မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)

အာဖရိကဝက်အပြင်းဖျားရောဂါသည် ဝက်များတွင် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားတတ်သည့် ကူးစက်မြန်ရောဂါတစ်မျိုးဖြစ်သောကြောင့် မိမိမွေးမြူထားသောဝက်များအားကြိုတင်ကာကွယ်နိုင်ရန် အသိပေးနှိုးဆော်ချက်ကို စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မှ ယနေ့ ဖေဖော်ဝါရီ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။
စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာမင်းသိန်းမော်က “အာဖရိကဝက်အပြင်းဖျားရောဂါက ဒေသတွင်းနိုင်ငံတွေမှာလည်း ဆက်လက်ဖြစ်ပွားနေတဲ့ အနေအထားရှိပါတယ်။ဒါကြောင့်ကျွန်တော်နိုင်ငံမှာ ဒီဝက်အပြင်းဖျားရောဂါ ထပ်မံအသစ်ဖြစ်ပွားမှု မရှိပေမယ့် ကြိုတင်ကာကွယ်ရေးကိုဆောင်ရွက်နိုင်ဖို့ နှိုးဆော်ပေးတဲ့ နှိုးဆော်ချက် ကို ထုတ်ပြန်ရခြင်းဖြစ်ပါတယ်’’ ဟု ဆင်ဟွာသို့ ယနေ့ဖေဖော်ဝါရီ ၂၄ ရက်တွင်ပြောသည်။

ယင်းအသိပေးနှိုးဆော်ချက်တွင် အာဖရိက ဝက်အပြင်းဖျားရောဂါသည် လူသို့လုံးဝ ကူးစက်ခြင်းမရှိကြောင်း၊ ဝက်မွေးမြူရေးခြံများ၏ ဇီဝလုံခြုံမှုအား အထူးဂရုပြုမြှင့်တင်ရန်လိုအပ်ကြောင်း၊ ဝက်ခြံများနှင့် သားငါးဈေးများတွင် စနစ်တကျပိုးသတ်ဆေးဖျန်းခြင်းပုံမှန်ပြုလုပ်ဆောင်ရွက်ရန်၊ ဝက်များကို စားသောက်ဆိုင် နှင့် အိမ်များမှ စားကြွင်းစားကျန်များကျွေးမည်ဆိုပါက အပူပြင်းပြင်းဖြင့် ချက်ပြုတ်ကျွေးမွေးရန်၊ အခြားခြံမှ အသုံးအဆောင်ပစ္စည်းများ ကို ငှားရမ်းသုံးစွဲခြင်းမပြုရန်နှင့် လူအဝင်အထွက်ထိန်းချုပ်ရန်၊ အသက်အရွယ်တူ သော ဝက်များကိုသာ အတူမွေးမြူရန်၊ ဝက်ခြံများအပူချိန်၊ စိုထိုင်းဆ၊ လေဝင်လေထွက် ကောင်းမွန်စေရေး ဆောင်ရွက်ရန်၊ ရောဂါကင်းရှင်းကြောင်း စိတ်ချရသောခြံမှ ဝက်များကို ဝယ်ယူမွေးမြူရန်၊ ဝယ်ယူသည့် ဝက်များကို မိမိခြံရှိဝက်များနှင့်အတူ ထည့်သွင်းမွေးမြူခြင်းမပြုမီ သီးသန့်ခွဲခြားထား၍ ရောဂါကင်းရှင်းမှ မွေးမြူရန်၊ ပြည်ပမှ တရားမဝင်တင်သွင်းလာသော ဝက်အရှင်နှင့် ဝက်ထွက်ပစ္စည်းများဖြစ်သည့် ဝက်သား၊ အေးခဲဝက်သား၊ ဝက်ပေါင်ခြောက်၊ ဝက်အူချောင်းနှင့် အခြားဝက်ထွက်ပစ္စည်းများ တင်သွင်းခြင်း၊ ရောင်းချခြင်း၊ စားသုံးခြင်း မပြုရန်၊ တောဝက်နှင့် အိမ်မွေးဝက်များရောနှောထိတွေ့ခြင်းမှ ကာကွယ်ရန်၊ တောဝက်နှင့် အိမ်မွေးဝက်များ ပုံမှန်မဟုတ်ဘဲ ရုတ်တရက်သေဆုံးပါက နီးစပ်ရာ အုပ်ချုပ်ရေးအဖွဲ့စည်း ၊မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ထံသို့ ချက်ချင်းသတင်းပို့ရန်နှင့် ရောဂါကြိုတင်ကာကွယ်ရေးနှင့် ရောဂါစူးစမ်းရှာဖွေရေးလုပ်ငန်းများတွင် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ နှင့် ပူးပေါင်းဆောင်ရွက်ရန်နှင့် ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ရန် ဟူ၍ ပါရှိသည်။

“အာဖရိကဝက်အပြင်းဖျားရောဂါက ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တာဖြစ်တယ်။ အဲဒီဗိုင်းရပ်စ်က ပတ်ဝန်းကျင်မှာ လတွေ၊ နှစ်တွေချီပြီး အသက်ရှင်နိုင်တဲ့အတွက် ကာကွယ်ဆေးလည်း မရှိသေးတော့ ဒါကို အထူးဂရုပြုဖို့ ဆောင်ရွက်ဖို့လိုအပ်ပါတယ်။ဝက်မွေးမြူသူတွေအနေနဲ့ ဒီရောဂါက ကူးစက်ရင်ဆုံးရှုံးမှုတွေများလို့ ဌာနရဲ့ ထုတ်ပြန်ချက်တွေ ကိုစဉ်ဆက်မပြတ်စောင့်ကြည့်ပါ။ နာမကျန်းတဲ့ဝက်တွေကို ရောင်းစားတာတို့ ချက်ပြုတ်စားသောက်တာတို့ မလုပ်ရင် ဒီရောဂါကို အထိုက်အလျောက်ကာကွယ်နိုင်မှာဖြစ်ပါတယ်’’ ဟု ဒေါက်တာမင်းသိန်းမော်က ပြောသည်။ (Xinhua)