Connect with us

Education & Health

ဆေးလိပ်၊ ကွမ်းယာ သောက်စားမှု ရပ်တန့်ရေး စုပေါင်း ဆောင်ရွက်ရန် နိုင်ငံတော် အတိုင်ပင်ခံ တိုက်တွန်း ပြောကြား

ကွမ်းယာနှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများ ထိန်းချုပ်ရေး အခမ်းအနားတွင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ သ၀ဏ်လွှာကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ ဖေမြင့် ဖတ်ကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)

ပြည်သူ့ ကျန်းမာရေးကို ထိခိုက်စေသည့် ဆေးလိပ်သောက်ခြင်း၊ ဆေးရွက်ကြီးထွက် ပစ္စည်းမျိုးစုံ ပါဝင်သည့် ကွမ်းယာစားသုံးခြင်းတို့ ရပ်တန့်စေရေးအတွက် စုပေါင်းဆောင်ရွက်ကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ကွမ်းယာနှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ ထိန်းချုပ်ရေးအတွက် မီဒီယာများမှတစ်ဆင့် လူထုလှုံ့ဆော်ရေး လှုပ်ရှားပွဲ” သို့ ပေးပို့သော ၎င်း၏ သဝဏ်လွှာဖြင့် တိုက်တွန်းခဲ့သည်။

“ကျယ်ပြန့်တဲ့ ကျန်းမာရေး လုပ်ငန်း ဆောင်ရွက်ရာမှာ ထိရောက်တဲ့ ပညာပေးမှုများဟာ အဓါကကျပါတယ်၊ ကာလတိုအတွင်းသာ ထိရောက်မှု ရှိမယ့် စီမံချက်တွေဟာ ရလဒ်ကောင်းများ မရနိုင်ဘူးဆိုတာကို သတိပြုရပါမယ်၊ အဆင့်ဆင့်သော အစိုးရအဖွဲ့အစည်းများနဲ့အတူ ပြည်သူ လူထုထံသို့ နည်းလမ်း အသွယ်သွယ်ဖြင့် ရေရှည်ပညာပေးရေးဟာ ပဓာနကျပါတယ်၊ အထူးသဖြင့် လက်ရှိ ဆေးလိပ်နဲ့ ဆေးရွက်ကြီး ကွမ်းယာ သုံးစွဲခြင်း မပြုသေးတဲ့ ကျောင်းသား လူငယ်များ၊ ၁၃ နှစ် အောက် လူငယ်များ စတင် သုံးစွဲခြင်း မပြုရေး၊ သုံးစွဲမိသူများအားလည်း အန္တရာယ် ကြီးမားလှသော သုံးစွဲမှုကို ရပ်တန့်စေရေးကို စုပေါင်း ဆောင်ရွက်ကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်” ဟု သဝဏ်လွှာတွင် ဖော်ပြထားသည်ကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဖေမြင့်က ဖတ်ကြားခဲ့သည်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး အမှာစကား ပြောကြားနေစဉ် (ဆင်ဟွာ)

ကွမ်းယာနှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများ ထိန်းချုပ်ရေး အခမ်းအနားမြင်ကွင်းအားတွေ့ရစဉ် (ဆ င်ဟွာ)

သဝဏ်လွှာ၌ “မြန်မာပြည်သူ ခုနစ်သန်းကျော်တို့ဟာ နေ့စဉ် ဆေးရွက်ကြီးထွက် ပစ္စည်းမျိုးစုံပါသော ကွမ်းယာကို စားသုံးနေကြပြီး ဆေးရွက်ကြီးကြောင့် နှစ်စဉ် သေဆုံးသူမှာလည်း ခြောက်သောင်းကျော် ရှိနေကြောင်း သုတေသန ပြုချက်များအရ သိရှိရတဲ့အတွက် ထိုမျှ ကြီးမားသော စိန်ခေါ်မှုကြီးကို ပြည်သူများက ‘နောင်တ မရအောင် ကွမ်းယာကို ရှောင်’ ဟူသော ဆောင်ပုဒ်နှင့်အညီ အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ဇွဲသန်သန်နဲ့ ရင်ဆိုင် အနိုင်ယူသွားကြပါစို့လို့ တိုက်တွန်းနှိုးဆော် လိုက်ပါ တယ်” ဟုလည်း ဖော်ပြထားသည်။

နေပြည်တော် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနတွင် ယနေ့နံနက် ကျင်းပသည့် အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီးများ အမြဲတမ်းအတွင်းဝန်များနှင့် သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေး ဝန်ကြီးက နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ သဝဏ်လွှာ ကို ဖတ်ကြားအပြီးတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးက အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် “နောင်တ မရအောင် ကွမ်းယာကို ရှောင်” ဟူသည့် စက္ကန့် သုံးဆယ်ကြာ ဗွီဒီယို ဖိုင် နှစ်ခုတို့ကိုလည်း ဖွင့်လှစ်ပြသခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.