Connect with us

Education & Health

တစ်နိုင်ငံလုံးတွင် H1 N1 ရာသီတုပ်ကွေးကြောင့် သေဆုံးသူ ငါးဦး ရှိဟုဆို

ရာသီ တုပ်ကွေးရောဂါ အတွက် ကျန်းမာရေး ၀န်ကြီးဌာနမှ ထုတ်ပြန်သော ပညာပေး စာစောင်အားတွေ့ ရစဉ် (ဓာတ်ပုံ- ပြည်သူ့ကျန်းမာရေး ဦးစီးဌာန)

နေပြည်တော်၊ ဇွန် ၂၀ ရက်(ဆင်ဟွာ)

H1 N1 ရာသီတုပ်ကွေးကြောင့် သေဆုံးသူ ခြောက်လသား ကလေးတစ်ဦးအပါအဝင် ငါးဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သီတာလှက ယနေ့ နေ့လယ်၌ မီဒီယာသို့ပြောကြားခဲ့သည်။

“သေဆုံးသူက ရန်ကုန်တိုင်းဒေသကြီးမှာ လေး ယောက်ရှိပါတယ်။ စစ်ကိုင်း တိုင်းဒေသကြီးမှာ တစ်ယောက်ပါ။ အားလုံး စုစုပေါင်း ၅ ယောက်ပေါ့။ သေတဲ့လူတွေကလည်း အဓိက ကတော့ အသက်ကြီးတဲ့လူတွေ၊ နောက် ကိုယ်ခံရောဂါပေါ့၊ ရောဂါဆိုတာ ဆီးချိုတို့၊ သွေးတိုးတို့ ဒီလို ရှိတဲ့သူတွေ နောက် အသက် သိပ်ငယ်လွန်းတဲ့ ကလေးတွေပေါ့၊ ၆ လ ကလေး တစ်ယောက်ပါ ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

အဆိုပါ ရာသီတုပ်ကွေးမှာ ဇွန်လမှ စက်တင်ဘာလအတွင်း အဖြစ်များကြောင်း၊ ထိုကာလအတွင်း ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် လိုအပ်သော ကာကွယ်ရေးလုပ်ငန်းများ၊ ကုသရေး လုပ်ငန်းများ ပူးပေါင်းပြီး ဆောင်ရွက်နေကြောင်း၊ သံသယရှိ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာနကို ပို့ပြီး စစ်ဆေးသည့် လူနာပေါင်းမှာ ယခု ဇွန်လ ၁၉ ရက် အထိ ၄၈ ဦးရှိကြောင်း၊ အဆိုပါ ၄၈ ဦး အနက် ၁၂ ဦး တွင် H1N1 ပိုးကို တွေရှိခဲ့ကြောင်း၊ အဓိက ရန်ကုန်တိုင်းနှင့် စစ်ကိုင်းတိုင်းတို့မှ ဖြစ်ကြောင်းလည်း ဒုတိယညွှန်ကြားရေးမှူးချုပ်က ပြောကြားခဲ့သည်။

“အသက် သိပ်ငယ်လွန်းတဲ့ ကလေးမှာလည်း ရောဂါ ဖြစ်ပါတယ်။ အဲတော့ အများစုကတော့ ရာသီတုပ်ကွေးဆိုတဲ့ အတွက်ကြောင့်မို့လို့ နာမည်ကိုက ရာသီအလိုက် ဖြစ်တာပါ။ ပြည်သူလူထု အနေနဲ့တအားကြီးလည်း ကြောက်လန့်မှုမဖြစ်စေချင်ပါဘူး။ ဒါပေမယ့် ဖြစ်ရင်တော့လည်း ကျွန်မတို့ စောစာစီးစီး ရောဂါလက္ခဏာတွေကို သိရှိပြီးတော့ ဆေးရုံဆေးခန်းကို အချိန်မီ လာရောက် ကုသမှု ခံယူဖို့အတွက် ကျွန်မအနေနဲ့ ပြောလိုပါတယ်” ဟုလည်း ၎င်းက ပြောခဲ့သည်။

ယနေ့နေ့လယ်ပိုင်း၌ ကျန်းမာရေး ဝန်ကြီးဌာနတွင် ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန် နှင့် အရာရှိများ အစည်းအဝေး ကျင်းပအပြီး မီဒီယာကို ဖြေကြားခဲ့ခြင်း ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.