Connect with us

Education & Health

ဇီကာဗိုင်းရပ် နှင့် ပက်သက်၍ ဇီကာ (Zika) ရောဂါကြိုတင် ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီး ဌာန အမျိုးသား ကျန်းမာရေး ကော်မတီ အစည်းအဝေး ခန်းမ၌ ဇီကာ (Zika) ရောဂါကြိုတင် ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား တွေ့ရစဉ် (ဓာတ်ပုံ-မြဝတီ)

ရန်ကုန်၊ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အရေးပေါ်အခြေအနေ ကြေညာထားသည့် ဇီကာဗိုင်းရပ်နှင့် ပက်သက်၍ ဇီကာရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများအား ဆောင်ရွက်ရန် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီး ဌာန အမျိုးသား ကျန်းမာရေး ကော်မတီ အစည်းအဝေး ခန်းမ၌ ဇီကာ (Zika) ရောဂါကြိုတင် ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇန်နဝါရီလ ၄ရက်နေ့တွင် ကျင်းပခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

ဇီကာရောဂါ လက္ခဏာတွေ့ ရှိပါက သက်ဆိုင်ရာ ကျန်းမာရေးဌာန များသို့ အသိပေးရန်၊ ရောဂါလက္ခဏာ တွေ့ရှိသူကို စစ်ဆေးကုသမှုများ ဆောင်ရွက်ရန် နှင့် ပြည်ပမှ ကာကွယ် တားဆီးရန် ဆေးဝါးပစ္စည်း များမှာယူ အသုံးပြုသွားမည် ဖြစ်သည်။ တစ်နိုင်ငံလုံး ခြင်နှိမ်နင်းရေး လုပ်ငန်းများကို ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

ဇီကာဗိုင်းရပ်စ်သည် ကမ္ဘာကြီးပူနွေး လာခြင်းကြောင့် ခြင်ပေါက်ပွားမှု ပိုမိုများပြား လာပြီး ရောဂါပိုးများ ပျံ့နှံ့မှုပိုမို မြန်ဆန် လာမှုကို တွေ့ရကြောင်း၊ ယခုအခါ ဇီကာရောဂါပိုး သည် နိုင်ငံအချို့တွင် လျင်မြန်စွာ ပြန့်ပွားနေသည့် အတွက် မြန်မာနိုင်ငံအတွင်းကူးစက် ရောက်ရှိမလာရေး ရောဂါစောင့်ကြပ် ကြည့်ရှုရေးကို ကျန်းမာရေး ဝန်ကြီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေး ဌာနနှင့် ငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေး ရောဂါ တိုက်ဖျက်ရေး စီမံချက်တို့ ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ဇီကာရောဂါ သည် ဇီကာ ဗိုင်းရပ်စ်ပိုး ကို သယ်ဆောင်သည့် အေးဒီးစ်ခြင်ကျား ကိုက်ခြင်း မှတစ်ဆင့် လျင်မြန်စွာ ကူးစက် နိုင်သောရောဂါ ဖြစ်ပြီး ကာကွယ်ဆေး မရှိသေးကြောင်း သိရသည်။

ဇီကာ ဗိုင်းရပ်စ်ရောဂါပိုး ကို ၁၉၄၇ ခုနှစ်တွင် ယူဂန်ဒါနိုင်ငံရှိ မျောက်များ၌ စတင်စမ်းသပ် တွေ့ရှိခဲ့ပြီး ၁၉၅၂ ခုနှစ်တွင် ယူဂန်ဒါ နှင့် တန်ဇန်းနီးယား နိုင်ငံတို့ရှိ လူများကို ကူးစက်ခဲ့သည်။

၂ဝဝ၇ ခုနှစ်တွင် ပစိဖိတ်ဒေသ၊ ၂ဝ၁၃ ခုနှစ်တွင် ရက်ပ် (Yap Island) နှင့် ပြင်သစ် ပိုလီနီးရှား (French Polynesia) ဒေသ၊ ၂ဝ၁၅ ခုနှစ်တွင် အမေရိကဒေသ ဖြစ်သည့် ဘရာဇီး၊ ကိုလံဘီယာနိုင်ငံ၊ အာဖရိကဒေသ ဖြစ်သည့် ကိပ်ဘာဒီနိုင်ငံ တို့တွင် ကပ်ရောဂါ အသွင်ဖြစ်ပွား ခဲ့သည်။ အထူးသဖြင့် အမေရိကမှ နိုင်ငံ ၁၃ နိုင်ငံတွင် ဇီကာ ဗိုင်းရပ်စ်ရောဂါပိုး ကူးစက်မှု ရံဖန်ရံခါ ဖြစ်ပွားလျက် ရှိပြီး အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ၂ဝ၁၂ ခုနှစ် ကတည်းက စတင် ဖြစ်ပွားခဲ့ပြီး ၂ဝ၁၄ ခုနှစ်အထိ ဖြစ်ပွားသူ စုစုပေါင်း ခုနစ်ဦးအထိ ဖြစ်ပွားခဲ့သည်။

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့၏ ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ဇီကာရောဂါ ကာကွယ် နှိမ်နင်းရေး လုပ်ငန်းများကို ကမ္ဘာက အရေးပေါ် ဆောင်ရွက်ကြရန် ကြေညာခဲ့သည်။ မြန်မာနိုင်ငံတွင် ဇီကာရောဂါ လူနာကို မတွေ့ရှိရသေး သော်လည်း ဇီကာဗိုင်းရပ်စ် ရောဂါပိုး သယ်ဆောင်သော အေးဒီးစ်ခြင် သည် မြန်မာနိုင်ငံ အနှံ့ ရှိနေသည့် အတွက် ဇီကာရောဂါ လူနာတစ်ဦး ရောက်ရှိ လာသည်နှင့် တစ်ပြိုင်နက် ဇီကာဗိုင်းရပ်စ် ရောဂါပိုးသည် လည်း တစ်နိုင်ငံလုံးသို့ ပျံ့နှံ့ရောက်ရှိ သွားနိုင်ကြောင်း သိရသည်။

ဇီကာရောဂါရှိသူ လူနာများသည် ဖျားခြင်း၊ အနီအကွက်/ အစက်များ ထွက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မျက်စိနာခြင်း၊ ကြွက်သားနှင့် အဆစ်များ နာကျင် ကိုက်ခဲခြင်း စသည့်ရောဂါ လက္ခဏာများ ခံစားရကြောင်း၊ ဇီကာ ဗိုင်းရပ်စ် ရောဂါပိုး ကူးစက်ဖြစ်ပွား နေသည့် ဘရာဇီးနိုင်ငံ တွင် ကိုယ်ဝန်ဆောင် မိခင်များမှာ ဦးနှောက် သေးငယ်သော ကလေးငယ်များ မွေးဖွားလာမှု နှင့်ပတ်သက်ပြီး ဆက်စပ်မှုရှိ၊ မရှိ သက်သေပြ နိုင်ရန် ပညာရှင်များက ကြိုးစား ဖော်ထုတ်လျက် ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.