Connect with us

Environment, Disasters & Accidents

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့အနီး အင်အားရစ်ရှ်တာ စကေး ၆ အဆင့်ရှိ ငလျင်လှုပ်မှုကြောင့် အပျက်အစီးရှိဟုဆို

ရန်ကုန်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့အနီးတွင် ယနေ့ ည ၉နာရီ ၃၉ မိနစ်တွင် အင်အားရစ်ရှ် တာ စကေး ၆အဆင့်ရှိ ငလျင်လှုပ်ရှားမှုကြောင့် အပျက်အစီးများရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

” အပျက်အစီးတွေရှိတယ်၊အသေးစိတ် သတင်းတွေမဝင်သေးဘူး”ဟု ငလျင်ဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။အဆိုပါ ငလျင်လှုပ်ရှားမှုကို မန္တလေး၊ ပြင်ဦးလွင်၊စစ်ကိုင်း၊မုံရွာ၊ ရေဦး၊ချောင်းဦး၊ ရွှေဘို စသည့်မြို့များ ခံစားမိခဲ့ကြောင်း သိရသည်။” တော်တော်ပြင်းတယ် လှုပ်လိုက်တာ၊ တစ်အိမ်လုံး ကိုင်လှုပ်သလိုပဲ”ဟု ရေဦးမြို့ရှိ ငလျင်ဒဏ်ခံစားရသူ တစ်ဦးက ပြောသည်။လတ်တလော ငလျင်လှုပ်ရှားမှုကြောင့် ရေဦးမြို့ ထန်းတပင်ကျောင်းတိုက် ချမ်းသာရစေတီတော်မြတ်ကြီးတွင် လေးဘက်လေးလံ အက်ကြောင်းများဖြစ်ခြင်း၊ ရွှေဘိုမြို့နယ်၊ကျားရွာ၊ ဇေတဝန်ကျောင်းရှိစေတီတော်မှာ ငလျင်ဒဏ်ကြောင့် ထီးတော် မြေခပျက်စီးခြင်းစသည့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ ဆက်လက်ပြီး အပျက်အစီးအထိအခိုက်များ စုံစမ်းနေကြောင်း စစ်ကိုင်းတိုင်းဒေသကြီးမီးသတ်ဦးစီးဌာနထံမှ သိရသည်။

ကန့်ဘလူမြေငလျင်စခန်းမှ တောင်ဘက် (၃၃) မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း၊ရွှေဘိုမြို့၏အနောက်မြောက်ဘက် (၁၄)မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် (၂၂.၇၃) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ်(၉၅.၅၆) ဒီဂရီ၊ အနက်(၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်ရှ်တာ စကေး(၆.ဝ)အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားသည်ဟု တိုင်း ထွာရရှိခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။(Xinhua)