Connect with us

Environment, Disasters & Accidents

ဇေယျာသီရိကုန်ပဒေသာတိုက်အတွင်းရှိ စားသောက်ဆိုင်တန်း လျှပ်စစ်ဝါယာရှော့ကြောင့် မီးလောင်မှုဖြစ်ပွား၊ လူ၂ ဦးထိခိုက် ဒဏ်ရာရရှိ

ဇေယျာသီရိကုန်တိုက်အား မီးငြှိမ်းသတ်နေမှုအားတွေ့ရစဉ်(ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ)

နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ဇေယျာသီရိကုန်ပဒေသာ တိုက်အတွင်းရှိ စားသောက် ဆိုင်တန်းတွင် ဧပြီ ၁၄ ရက် ညနေ ၃ နာရီချိန်ခန့်တွင် ဝါယာရှော့ ဖြစ်ပွားပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကာ လူ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

မီးငြိမ်းသတ်စဉ် မှန်ကွဲစ ထိမှန်သည့် မစိုးရိမ်ရဒဏ်ရာရရှိသူ ၂ ဦးရှိခဲ့ပြီး သက်ဆိုင်ရာ ဆေးရုံသို့ ပို့ဆောင် ကုသလျက်ရှိကြောင်း သိရသည်။

ဇယျာသီရိကုန်တိုက်အား မီးငြှိမ်းသတ်နေမှုအားတွေ့ရစဉ်(ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ပဏာမစစ်ဆေးချက်များအရ မီးလောင်မှုမှာ ဝါယာရှော့ကြောင့် မီးလောင်ကျွမ်းခြင်းဖြစ်ပြီး မီးသတ်ဦးစီးဌာနမှ မီးလောင်ကျွမ်းမှု Level 2 အဆင့် သတ်မှတ်ကာ မီးငြိမ်းသတ်ခဲ့ခြင်းဖြစ်ပြီး မီးကြွင်းမီးကျန်များမရှိစေရေးနှင့် ကျန်အဆောက်အဦများ မီးအန္တရာယ်ကင်းရှင်းစေရေး ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရာနေရာသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) စခန်းမှူးရုံးနှင့် နယ်မြေခံတပ်များမှ မီးသတ်ယာဉ် ၈ စီး၊ ရေသယ်ယာဉ် ၅ စီး၊ နေပြည်တော်ကောင်စီ နယ်မြေမီးသတ်တပ်ဖွဲ့များမှ မီးသတ်ယာဉ် ၂၀ စီး၊ အုပ်ချုပ်မှုယာဉ် ၁၀ စီးတို့ဖြင့် ဝိုင်းဝန်း ငြိမ်းသတ်ခဲ့ရာ ၁၅ မိနစ်အတွင်း မီးညွှန့်ကျိုးသွားပြီး ညနေ ၃ နာရီခွဲခန့်တွင် မီးငြိမ်း သတ်နိုင်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။(Xinhua)