Connect with us

Environment, Disasters & Accidents

ထားဝယ် လေဆိပ်၌ လေယာဉ် နှစ်စင်း တောင်ပံချင်း ထိခိုက်မှု ဖြစ်ပွား

ထားဝယ်လေဆိပ်၌ ထိခိုက်မှု ဖြစ်ပွားခဲ့သည့် လေယာဉ်အား တွေ့ရစဉ် (ဓာတ်ပုံ-MNA)

ရန်ကုန် ၊ ဇွန် ၂၅ ရက် (ဆင်ဟွာ)

ထားဝယ် လေဆိပ်၌ မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) ၏ လေယာဉ်နှင့် မန်းရတနာပုံ လေကြောင်းလိုင်း၏ လေယာဉ်တို့သည် တောင်ပံချင်း ထိခိုက်မှု ဖြစ်ပွားခဲ့ကြောင်း (MNA) လေကြောင်းလိုင်းမှ ယနေ့ဇွန်လ ၂၅ ရက်တွင် သတင်း ထုတ်ပြန်ခဲ့သည်။

မြန်မာအမျိုးသား လေကြောင်းလိုင်းမှ ရန်ကုန်-ထားဝယ် ခရီးစဉ်သို့ XY-AGQ (Embraer) လေယာဉ်ဖြင့် ပျံသန်း ပြေးဆွဲခဲ့ရာ ထားဝယ်လေဆိပ် Parking သို့ ဝင်ရာတွင် မြန်မာအမျိုးသား လေကြောင်းလိုင်း လေယာဉ်၏ ညာဘက် တောင်ပံ အောက်ခြေ (Right Hand Wing Leg) နှင့် လေဆိပ်၌ ရပ်နားထားသည့် မန်းရတနာပုံ လေကြောင်းလိုင်းမှ ATR 72-600 XY-AJP လေယာဉ်၏ ညာဘက် တောင်ပံ လေကြောင်းထိန်း ပဲ့ငယ် (Right Hand Wing Leading Edge) တို့ထိခိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သတင်း ထုတ်ပြန် ဖော်ပြထားသည်။

ထိုသို့ထိခိုက်မှု ဖြစ်ပွားမှုကြောင့် ခရီးသည်များနှင့် လေယာဉ် အမှုထမ်း ဝန်ထမ်းများ ထိခိုက်မှုမရှိဘဲ ခရီးသွား ပြည်သူများ ပုံမှန်အတိုင်း ပြန်လည်သွားလာနိုင်ရန် မြန်မာအမျိုးသား လေကြောင်းလိုင်း၏ နောက်ထပ် လေယာဉ်တစ်စင်းအား ရန်ကုန်မြို့မှ ထားဝယ်မြို့သို့ စေလွှတ်ထားပြီး ပုံမှန် ပံျသန်း ပြေးဆွဲလျက် ရှိကြောင်း သိရသည်။ (Xinhua)