Connect with us

Environment, Disasters & Accidents

ဖားကန့်တွင် ကျောက်ကြော ကမ်းပါးပြိုကျကာ ၁၀ ဦး ဒဏ်ရာရ ၂ ဦး ပျောက်ဆုံး

ဖားကန့်မြို့နယ် အတွင်း မြေစာပုံ ပြိုကျမှု တစ်ရပ် အားတွေ့ရစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဇွန် ၂၅ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု နမ့်မှော်ကျေးရွာ အနီးရှိ ကျောက်စိမ်း လုပ်ကွက်တစ်ခုအတွင်း ကျောက်ကြော ကမ်းပါးပြိုကျမှုဖြစ်ပွားကာ ၁ဝ ဦး ဒဏ်ရာ ရရှိပြီး နှစ်ဦး ပျောက်ဆုံးနေကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

အဆိုပါ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု နမ့်မှော်ကျေးရွာ၏ အရှေ့မြောက်ဘက် သုံးဖာလုံခန့်အကွာ လုပ်ငန်းရပ်နား ထားသည့် ကျောက်စိမ်းသစ်ရွက် ကုမ္ပဏီလုပ်ကွက်တွင် အမြင့်ပေ ၂ဝဝ ၊ အလျားပေ ၃ဝ ရှိ ကျောက်ကြောကမ်းပါးယံသည် ဇွန်လ ၂၄ ရက် မွန်းလွဲ ၂ နာရီက ပြိုကျခဲ့သည်။

ယင်း ပြိုကျမှုကြောင့် ဒဏ်ရာရရှိသူများကို ဆိပ်မူကျေးရွာအုပ်ချုပ်ရေးအဖွဲ့ ၊ နမ့်မှော်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့၊ နယ်မြေခံတပ်ဖွဲ့မှ တပ်မတော်သားများ၊ လူမှုကူညီရေး အဖွဲ့များက ချောက် အတွင်းမှ ဝိုင်းဝန်း ကယ်ဆယ်ပြီး ဖားကန့် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားသည်။

ဖားကန့်မြို့နယ်၌ ပြီးခဲ့သည့် မေလအတွင်းက ဆိပ်မူကျေးရွာ အုပ်စု အတွင်း ကျောက်ကြော ကမ်းပါးယံ ပြိုကျမှုကြောင့် လူ ၁၃ ဦး၊ ဝှေခါမှော် သစ်ကုန်းကျေးရွာ အနီးရှိ လုပ်ကွက်တစ်ခု၌ ၁၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)