Connect with us

Environment, Disasters & Accidents

ဖားကန့်မြို့နယ်၌ မြေစာပုံ ပြိုကျမှုကြောင့် ၅ ဦး သေ၊ ၃ ဦး ဒဏ်ရာရရှိ

မြေစာပုံဟောင်းများ၌ ရေမဆေးကျောက်ရှာဖွေသူများအားတွေ့ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာအနီး အဂ္ဂရတနာ ကျောက်မျက်ကုမ္ပဏီ လုပ်ကွက်ဟောင်းရှိ မြေစာပုံ ပြိုကျမှုကြောင့်လူ ၅ ဦး သေ၊ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့ နံနက် ၈နာရီ ၄၅မိနစ်တွင် အဂ္ဂရတနာ ကျောက်မျက်ကုမ္မဏီ လုပ်ကွက်ဟောင်းရှိ မြေစာပုံ၌ ရေမဆေးကျောက် ရှာဖွေနေသူ ၁၀၀ ဦးခန့် ကျောက် ရှာဖွေနေစဉ် မြေစာများ ပြိုကျပိမိပြီး ရေမဆေးကျောက်ရှာဖွေသူ ငါးဦးသေဆုံးခဲ့ကာ သုံးဦး ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် ဖားကန့်ပြည်သူ့ဆေးရုံ သို့တင်ပို့ခဲ့ကြောင်း သိရသည်။

အဆိုပါ သေဆုံးမှုနှင့်ပတ်သက်၍ ဖားကန့်မြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၂/၂၀၁၈) ဖြင့် ရေးဖွင့် စစ်ဆေးလျက်ရှိကြောင်းသိရသည်။ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ်တွင် ဇန်နဝါရီ ၄ ရက် ညနေ ၃ နာရီခွဲ ခန့်ကလည်း ကျောက်စိမ်းလုပ်ကွက် မြေစာပုံအဟောင်းပြိုကျရာမှ ရေမဆေးကျောက် ရှာဖွေသူ အမျိုးသားခြောက်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည်။(Xinhua)